Monday 30 April 2012

အဘိဓါန်ဆိုင်ရာမေးခွန်းတစ်ချို့


အဘိဓါန်ဆိုတာဘာသာစကားလေ့လာသူတွေအတွက်မရှိမဖြစ်ဆောင်ထားရမယ့်စာအုပ်တစ်အုပ်ဆိုတာ လူတိုင်းနားလည်ပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်အဘိဓါန်ကိုသုံးသင့်သလဲ၊ အဘိဓါန်ကို ဘယ်လိုသုံးမလဲဆိုတဲ့မေးခွန်းတွေ ဖြေရဖန်များလာတဲ့အခါ မသိသေးတဲ့သူတွေလည်းရှိပါ သေး လားဆိုတာ သတိထားမိလာပြီးသူတို့လိုလူမျိုးတွေအတွက် ဒီဆောင်းပါးလေးဖြစ်လာပါတယ်။

အဘိဓါန်ကောင်းတစ်အုပ်ဟုတ်မဟုတ်ဘယ်လိုစစ်မလဲ။
စာဖတ်သူတို့ မိမိလက်ဝယ်ပိုင်ဆိုင်ထားတဲ့ အဘိဓါန်စာအုပ်ဟာအားကိုး လောက်စရာရည်ညွှန်း စာအုပ်တစ်အုပ်ဖြစ်ရဲ့လားဆိုတာ သိရအောင် စာအုပ်ဖွင့်၊ စကားလုံးတစ်လုံး ရှာ ကြည့်ပြီး အောက်ပါအချက်ကလေးတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။

(၁) အသံထွက်ပေးထားခြင်း။ အဘိဓါန်အများစုဟာ နိုင်ငံတကာအသံထွက်သင်္ကေတ IPA symbols တွေအသုံးပြုပါတယ်။ တစ်ချို့အဘိဓါန်တွေကျတော့ သူတို့ကိုယ်ပိုင်စတိုင်သင်္ကေတတွေ အသုံးပြုကြ ပါတယ်။ ဘာကိုပဲအသုံးပြုပြု အသုံးပြုနည်းကို ထည့်ပေးထားတတ်ပါတယ်။ အသံထွက်မှာ ဘယ်အသံကို ဖိရွတ်ရတယ်ဆိုတဲ့ stress အမှတ်အသားပါသင့်ပါတယ်။

(၂) စကားလုံးရဲ့ဝါစင်္ဂအစိတ်အပိုင်းများဖော်ပြထားခြင်း။ (Parts of speech/word class) Noun လားVerb လား Adjective လားစသည်ဖြင့်
(၃)သဒ္ဒါဆိုင်ရာအချက်အလက်များပါရှိခြင်း။ (Nounဆိုရင်လည်း ရေတွက်လို့ရတာလား၊ ရေတွက်လို့မရတာလားစသည်)
(Verb  ဖြစ်ပါက ကံလိုသောကြိယာ၊ ကံမလိုသောကြိယာ (transitive [T], intransitive [I])
     Derivatives - မူရင်းစကားလုံးမှဆင့်ပွားလာသောစကားလုံးများ၊ ဥပမာ - atom မှ atomic
(၄) စကားလုံး၏အဓိပ္ပါယ်ရှင်းလင်းရာတွင် နားလည်ရလွယ်ခြင်း။
(၅) တကယ့်အင်္ဂလိပ်စာ၊ စကားစစ်စစ် (authentic text) မှယူသုံးထားသော ဥပမာများပါရှိခြင်း။
(၆) ကွဲပြားသော စာလုံးပေါင်းများဖော်ပြထားခြင်း။
(၇) အတူတွဲသုံးသောစကားလုံးများ collocations ဖော်ပြထားခြင်း။
(၈) စကားလုံးတူတွင် မတူသောအဓိပ္ပါယ်များဖော်ပြထားခြင်း။
(၉) ဒေသဆိုင်ရာမူကွဲများဖော်ပြထားခြင်း။ (ဥပမာ- အမေရိကန်အင်္ဂလိပ်၊ သြစတေးလျအင်္ဂလိပ်)
(၁၀) အဓိအပ္ပါယ်တူစကားလုံးများ၊ ဆန့်ကျင်ဖက်စကားလုံးများဖော်ပြထားခြင်း။ (synonyms, antonyms)
(၁၁) စကားလုံး၏ ဝေါဟာရရေချိန်၊ အဆင့်အတန်း၊အသုံးပြုသည့်ပတ်ဝန်းကျင်အခြေအနေ သိနိုင်ခြင်း။ (register/style/level of formality (e.g. formal, spoken, colloquial, slang etc)
(၁၂) စကားလုံး၏သမိုင်းကြောင်း၊ မူရင်းဇစ်မြစ် ရှင်းပြထားခြင်း။
( ၁၃) စကားလုံးကိုအသုံးပြုမှုကြိမ်နှုန်းပြဆိုထားခြင်း။ (e.g rare, archaic)
(၁၄) ဆက်နွယ်နေသည့် အီဒီယံနှင့်စကားစုများပါရှိခြင်း
(၁၅) သက်ဆိုင်သည့်ဘာသာသာသို့ပြန်ဆိုပေးထားခြင်း
(၁၆) လိုအပ်သည့်နေရာတွင် သရုပ်ဖော်ပုံ၊ ပန်းချီ၊ ဓါတ်ပုံများထည့်သွင်းထားခြင်း။

Advanced dictionary, learners dictionary, concise dictionary ဘယ်ဟာသုံးမလဲ

ဒါကတော့မိမိရဲ့သုံးမယ့်လိုအပ်ချက်နဲ့ကိုယ့်ရဲ့ level ကိုပြန်ပြီးချင့်ချိန်ကြည့်ရပါမယ်။ သွားရင်းလာရင်းကြည့်ဖို့ဆိုရင်တော့ concise dictionary တွေဟာအဆင်ပြေပါ လိမ့်မယ်။ လေ့လာကာစလူတွေ၊ ကျောင်းသားတွေအတွက်ကတော့ learners dictionary တွေကပိုပြီးအသုံးတည့်ပါလိမ့်မယ်။အဓိပ္ပါယ်ရှင်းလင်းပုံတွေကလေ့လာဆဲကျောင်းသားတွေ အတွက်လွယ်ကူအောင်အထူးအားထုတ်ထားလေ့ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ concise တစ်အုပ်၊ နဲ့အကြီးစားတစ်အုပ် နှစ်အုပ်လောက်ဆောင်ထားသင့်ပါတယ်။ နောက်ထပ်စဉ်းစားရမှာက ထုတ်ဝေတဲ့သူ publisher တွေအများကြီးမှာ ဘယ်ဟာကိုရွေးရမှာလဲဆိုတဲ့ပြဿနာပါပဲ။ ဒါကလည်း သုံးရင်းနဲ့ဘယ် publisher က ကိုယ်အတွက်အဆင်ပြေလဲဆိုတာသိလာပါလိမ့်မယ်။ ကျွန်တော့်အကြိုက်တွေကတော့ Oxford နဲ့ Cambridge product တွေပါပဲ။ Longman နဲ့ Webster တို့လည်းအသုံးများတာပါပဲ။

ဒီလိုနဲ့စုံအောင်သုံးရင်းနဲ့သတိထားမိတာကတော့ စာအုပ်တစ်အုပ် တည်းကို ပုံသေ သုံးတာထက် နှစ်မျိုးသုံးမျိုးကိုပြိုင်သုံးတာကိုယ့်အတွက် အကျိုးရှိတာကိုတွေ့ရပါ တယ်။ တစ်ချို့ စကားလုံးတွေကို Oxford ကရှင်းပြထားတာ သိပ်နားမလည်ဘူးဆိုရင် တခြား အဘိဓါန်တွေ ကိုထပ်ရှာဖတ်၊ တစ်မျိုးနဲ့တစ်မျိုးရှင်းထားပုံ၊ စာကြောင်းတည်ဆောက်ပုံတွေမတူတဲ့ အတွက် တစ်မျိုးမှာ နားမလည်ပေမယ့် နောက်တစ်မျိုးနဲ့ကျတော့ နားလည်သွားတတ်ပါတယ်။ အခုခေတ်မှာတော့ www.dictionary.com လို online dictionary တစ်ခုမှာရှာရင် dictionary တွေအများကြီးက definition တွေကို စုစည်းဖော်ပြပေးတဲ့အတွက် ယှဉ်ပြီးကြည့်နိုင်လို့အင်မတန် အကျိုးရှိပါတယ်။ 

Bilingual, Monolingual ဘယ်ဟာသုံးမလဲ

English to Burmese နဲ့ English to English dictionary နှစ်မျိုးစလုံးသုံးသင့်ပါတယ်။ ဆရာအများစုက English to English ကိုသုံးပါလို့ကျောင်းသားတွေကိုတိုက်တွန်းကြတာ တွေ့ဖူးမှာပါ။ ဘာကြောင့် English to English သုံးခိုင်းရတာလဲဆိုတော့ ကျောင်းသားရဲ့နားလည်နိုင် စွမ်းရည်ကို မြှင့်တင်ပေးနိုင်လို့ပါပဲ။ ဆိုကြပါစို့ reindeer ဆိုတဲ့စကားလုံးကို English to Burmese dictionary တွေမှာရှာတဲ့အခါဒီလိုတွေ့ရပါတယ်။

n. သမင်အကြီးစား။ n[pl] ဒရယ်များ

reindeer ['reindic] —(pl) 'reindeer —(n)
    a kind of large deer found in Northern Europe,

    Asia and America: တန်ဒြာသမင်

ဒရယ်
မြောက်ဝင်ရိုးစွန်းရှိသမင်

http://oxforddictionaries.com/definition/reindeer?q=reindeer

reindeer

Pronunciation: /ˈreɪndɪə/

noun (plural or reindeers)

  • a deer of the tundra and subarctic regions of Eurasia and North America, both sexes of which have large branching antlers. Most Eurasian reindeer are domesticated and used for drawing sledges and as a source of milk, flesh, and hide. Called caribou in North America.
    • Rangifer tarandus, family Cervidae

Origin:

late Middle English: from Old Norse hreindýri, from hreinn 'reindeer' + dýr 'deer'

reindeer noun

/ˈreɪn.dɪər//-dɪr/ [C] (plural reindeer)

Definition

a type of deer with large horns, which lives in the northern parts of Europe, Asia and America
Father Christmas travels in a sleigh pulled by reindeer.

မြန်မာလိုအဓိပ္ပါယ်အရ ဒရယ်၊ သမင်အကြီးစားတစ်မျိုးဆိုရင်သူ့မူရင်းတရိစ္ဆာန်ကို တကယ့်အပြင်မှာ လက်တွေ့မြင်ရမယ်ဆိုရင် ဒါဟာ reindeer ဆိုတာပြောဖို့မလွယ်ပါဘူး။ Oxford နဲ့ Cambridge တွေရဲ့ရှင်းလင်းချက်နဲ့ဥပမာတွေအရ ခရစ်ခမတ်ကာလမှာ ခရစ်စမတ်ဖိုးဖိုး ဆန်တာကလော့ ရဲ့စွတ်ဖားကိုဆွဲတဲ့ ချိုကြီးတွေကားနေတဲ့ သမင်ကြီးတွေကိုအားလုံးကမြင်ဖူးနေတဲ့အတွက် အပြင်မှာ မြင်တွေ့ရရင်လည်း  reindeer  ဆိုတာဒီအကောင်ပေါ့လို့လက်ညှိုးထိုးပြနိုင်မှာမလွဲပါဘူး။

ဒါဟာ English to English သုံးခြင်းရဲ့အကျိုးကျေးဇူးပါပဲ။ [* commercial English to Burmese dictionary တွေဖြစ်ကြတဲ့ ပညာရေးဝန်ကြီးဌာနကထုတ်ဝေတဲ့ကျောင်းသားသုံးအဘိဓါန်၊ ကုန်သွယ်ရေးဝန်ကြီးဌာနတွေကထုတ်ဝေတဲ့အဘိဓါန် စတဲ့အဘိဓါန်ကြီးများ ကျွန်တော့်လက်ဝယ်မှာ မရှိလို့ သူတို့နဲ့တော့နှိုင်းယှဉ်မပြနိုင်ခဲ့ပါဘူး။] ဒါပေမယ့် သေချာတာကတော့ သူတို့ဟာ English to English-Burmese အင်္ဂလိပ်လိုရောဗမာလိုပါရှင်းပြထားတဲ့အတွက် အင်မတန်ကောင်းမွန်တဲ့ရည်ညွှန်း စာအုပ်တွေပါပဲ။

အခြေခံအဆင့်လေ့လာကာစလူများအတွက်တော့ English to English ဖတ်ခိုင်းရင်အတင်းတွန်းခိုင်းသလိုဖြစ်တတ်တော့ English to Burmese အရင်သုံးပြီး နည်းနည်းအဆင့်မြင့်လာရင် English to English ပြောင်းသုံးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။

 Electronic Dictionary လား Printed Dictionary လား
ကွန်ပျူတာတွေမပေါ်ခင်ခေတ်တုန်းက အဘိဓါန်တစ်အုပ်ပြုစုရတယ်ဆိုတာ အင်မတန်ခက်ခဲ ပင်ပန်းတဲ့အလုပ်ပါ။
လက်ရေးစာရွက်တစ်ပုံကြီးထဲကနေ စကားလုံးတစ်လုံးအတွက် ပြင်ဆင်ရမည့်အချက်၊ ထပ်တိုးရမည့် အဓိပ္ပါယ်မသေခြာလို့ စစ်ဆေးချင်တဲ့အခါ တခြားအဘိဓါန်တစ်အုပ်ကိုလှန်ပြီး ရှာရတဲ့အလုပ်ဟာ လက်ဝင်ခက်ခဲလှတဲ့အလုပ်ဖြစ်တဲ့အတွက် အရင်က အဘိဓါန်ပြုစုခဲ့သူတွေရဲ့ကျေးဇူးဟာ အင်မတန်ကြီးမား လှပါတယ်။

အခုခေတ်မှာတော့ကွန်ပျူတာတွေ၊ ပရိုဂရမ်တွေကြောင့်အထက်ပါအလုပ်တွေအလွန်လွယ်ကူ လာခဲ့ပါတယ်။ အရင်က အသံထွက်ကို သင်္ကေတတွေနဲ့ဖော်ပြလာခဲ့တာ ကွန်ပျူတာခေတ်မှာလူသား အသံကိုထည့်သွင်း နားထောင် လာနိုင်ကြပါတယ်။

အရေးအကြီးဆုံးကတော့ လက်တွေ့အသုံးပြုနေတဲ့ပြောစကားတွေကိုစုစည်းထားတဲ့ Corpora လို့ခေါ်တဲ့ ဒေတာဘေ့စ် တွေကနေစကားလုံးအသစ်တွေ၊ နေ့စဉ်ဘ၀မှာလူတွေ ဘယ်လိုပြောဆိုသုံးစွဲနေ တယ်ဆိုတာကို အလွယ်တကူရယူသုံးစွဲနိုင်ပါတယ်။ နောက်ထပ်သိသာတဲ့ အားသာချက်တစ်ခုကတော့ စာအုပ်အရွယ်အစားပါပဲ။ Oxford Advanced Learner's Dictionary မှာ entry ပေါင်း ၁၅၀၀၀၀ ကျော်ပါတယ် လို့ဆိုပါတယ်။ စာမျက်နှာပေါင်း 1952 ရွက်ရှိတဲ့စာအုပ်ဟာတော်ရုံတန်ရုံအလေးချိန် မဟုတ်ပါဘူး။ 

ဒါကြီးသွားလေရာသယ်သွားလို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် electronic dictionary ကတော့ DVD တစ်ချပ်စာပဲရှိပါတယ်။ laptop ထဲထည့်ထားလို့ဖြစ်စေ၊ အခုခေတ်စားနေတဲ့ android tablet, ipad တွေထဲထည့်လို့ဖြစ်စေအလွယ်တကူစာသင်ခန်းထဲအထိသယ်သွားနိုင်ပါတယ်။ ကျွန်တော်လို နည်းပညာ gadgets တွေရူးသွပ်သူအတွက်တော့ electronic dictionary ဟာပထမရွေးချယ်မှုတစ်ခုပါပဲ။ 

ဒါပေမယ့် ဘယ်လိုအဘိဓါန်အမျိုးအစားသုံးသည်ဖြစ်စေ၊ ဘယ်လိုထုတ်ဝေသူကိုရွေးချယ်သည်ဖြစ်စေ မမေ့မလျော့သတိထားရမည့်အချက်ကတော့ အဘိဓါန်ကောင်းတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့ ကိုက်ညီတဲ့ အမျိုးအစားကိုသာရွေးချယ် အသုံးပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

အောက်ကလင့်မှာ နာမည်ကြီးအဘိဓါန်ငါးမျိုးကိုနှိုင်းယှဉ်သုံးသပ်ထားတဲ့ဆောင်းပါးကိုဖတ်ကြည့်နိုင်ပါတယ်။ Comparative review of dictionaries for English learners

ဇာနည်(MyWay!)
Myanmar Network

0 comments:

Post a Comment