ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ a case in point, sticking point, beside the point နဲ့ score a point တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းမှာ a case in point ဖြစ်ပါတယ်။ A = တခု, Case = ဖြစ်ရပ်တရပ်, In = အထဲမှာ (သို့မဟုတ်) ရှိနေတာ၊ ပတ်သက်နေတာ, Point = (အဓိပ္ပါယ်အမျိုးမျိုးရှိရာမှာ) noun - နာမ်အဖြစ်သုံးရင်တော့ အဖျား၊ အချွန်၊ အစွန်း၊ အငူ၊ အဆင့်၊ အမှတ်၊ အချက်အလက် တို့ဖြစ်ပြီး။ verb - ကြိယာအဖြစ်သုံးရင်တော့ ညွှန်းပြသည်၊ ထောက်ပြသည်၊ ချွန်မြသည် တို့ ဖြစ်ကြပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဖြစ်ရပ်တခုကို ထောက်ပြရရင်တော့ ဖြစ်ပါသည်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ တခုခုအကြောင်း စကားပြောဆိုရာမှာ ဥပမာဖြင့် ထောက်ပြရရင်။ တနည်း ဒီအကြောင်းနဲ့ ပတ်သက်လို့ ပိုရှင်းလင်းအောင် ပြောရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ယူနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Smoking is dangerous to one's health a case in point is my brother John, who smokes two packs a day. He has a lung cancer, and a doctor said he won't live long.

ဆေးလိပ်သောက်တာ လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာကို သက်သေအဖြစ် ထောက်ပြရမယ်ဆိုရင် ကျနော့်ညီ John ဟာ တနေ့ ဆေးလိပ် (၂) ဘူး သောက်တယ်။ အဆုတ်ကင်ဆာ ဖြစ်လို့ သူကြာကြာ အသက်ရှင်နေတော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောတယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sticking point ဖြစ်ပါတယ်။ Sticking = ဒီနေရာမှာ နာမဝိသေသန (adjective) ဖြစ် သုံးထားပြီး၊ ထိုးထွက်ထောင်ထွက်နေသော, Point = အချက်အလက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ ထိုးထွက်ထောင်ထွက်နေသော အချက်အလက် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နှစ်ဖက်ကြား အမြင်ချင်းမတူ၊ မတိုက်ဆိုင်ခြင်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

The sticking point between two labor unions is a pay rate and working hours.

အလုပ်သမဂ္ဂ နှစ်ဖွဲ့ကြား သဘောမတူနိုင်တဲ့ အချက်ကတော့ လစာတိုးပေးရေးနဲ့ အလုပ်ချိန် သတ်မှတ်ရေးနဲ့ ပတ်သက်နေတယ်။

နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ beside the point ဖြစ်ပါတယ်။ Beside = ဘေးမှာ, Point = အချက် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အချက်အလက်ဘေးမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ပြောနေတဲ့ ဆွေးနွေးနေတဲ့ အချက်အလက်နဲ့ ဘာမှ မဆိုင်ဘူးဆိုရင် That side the point လို့ သုံးနှုန်းနိုင်ပါတယ်။ မဆီမဆိုင်၊ မပတ်သက်တာ၊ ဘာဆိုင်လို့လည်း သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Since we are trying to get young people to join our group. What old people think is beside the point. We don't think it's important.

ကျနော်တို့က ကျနော်တို့အဖွဲ့ကို လူငယ်တွေ စိတ်ဝင်စားဖို့ ကြိုးစားနေတယ်ဆိုတော့ လူကြီးတွေရဲ့  အမြင်က ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ ဒါကြောင့် လူကြီးတွေရဲ့  အမြင်က အရေးကြီးတယ်လို့ ဒီနေရာမှာ ကျနော်တို့ မထင်ဘူး။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ score a point ဖြစ်ပါတယ်။ Score = အမှတ်ရသည်၊ အောင်ပွဲရသည်၊ အနိုင်မှတ်ရသည်, A = တခု, Point = အမှတ်၊ အချက်အလက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမှတ်ရလိုက်သည်၊ အမှတ်ယူလိုက်သည် ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားမှာ ဂိုးတဂိုး သွင်းလိုက်တယ်ဆိုရင် အမှတ်ရတဲ့အတွက်ကြောင့် score a point လို့ ပြောလို့ရပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ကျမတို့ မြန်မာဘန်းစကားအရ မှတ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဂျက်မိလိုက်တာ၊ တဖတ်သား အထင်ကြီးအောင်၊ အလေးထားအောင် လုပ်နိုင်တာကို ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Our governor scored a point with people when he promised them he will work to reduce taxes.

ကျနော်တို့ပြည်နယ် အုပ်ချုပ်ရေးမှူးက အခွန်ငွေ လျှော့ချရေးအတွက် သူကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဂတိပေးလိုက်တော့ လူထုကြားမှာ အမှတ်ရသွားခဲ့တယ်။