Sunday 29 April 2012

Hand စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ hand ကို အခြေခံတင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sit on one’s hand, hand in glove, high handed နဲ့ caught red handed တို့ ဖြစ်ကြပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sit on one’s hand ဖြစ်ပါတယ်။ Sit = ထိုင်သည်, On = အပေါ်မှာ, One’s = လူတဦးတယောက်၏, Hand = လက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်က သူ့ရဲ့  လက်အပေါ်မှာ တက်ထိုင်နေသည် ဖြစ်ပါတယ်။ အီဒီယံသဘောကလည်း ရှင်းပါတယ်။ လက်နဲ့ လှုပ်ရှားလုပ်ကိုင်ရတာဆိုတော့ ကိုယ့်လက်နှစ်ဖက်အပေါ် ကိုယ်ကအပေါ်က တက်ဖိပြီးထိုင်ထားမယ်ဆိုရင် ဘယ်လိုဖြစ်နေမလဲဆိုတာ သောတရှင်များ  စဉ်းစားကြည့်နိုင်ပါတယ်။ ဘာဆိုဘာမှ လုပ်လို့မရနိုင်တဲ့သဘော ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယက်ကလည်း ဒီအတိုင်းပါပဲ sit on one’s hand ဆိုရင် အဲဒီလူဟာ ဘာမှမလုပ်ဘဲ ဒီအတိုင်းကြည့်နေရတဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ပြဿနာရင်ဆိုင်နေရပေမဲ့ ဖြေရှင်းဖို့ ဘာမှအရေးယူ ဆောင်ရွက်ခြင်းမရှိတာ။ ကျမတို့ မြန်မာမှာဆိုရင် ကိစ္စတခုခုနဲ့ ပတ်သက်လို့ လက်ပိုက်ကြည့်နေရတဲ့ သဘောမျိုးနဲ့ ဆင်တူပါတယ်။ အကူအညီ လိုနေတာကို တွေ့နေပေမယ့်လည်း ဘယ်လိုမှ ဝင်ရောက်ကူညီခြင်းမရှိတာကိုလည်း ဆိုလိုပါတယ်။ တခါတလေလည်း ကိုယ်က လုပ်ပေးချင်ပေမယ့် အခြေအနေက အဟန့်အတားဖြစ်တဲ့ အနေအထားမျိုးမှာလည်း ရှိနိုင်ပါတယ်။ တနည်းတော့ ဘာမှလုပ်မပေးနိုင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The people in the city are facing regular blackouts. But, the electricity department is sitting on its hands, so the locals are getting very angry.

အဲဒီမြို့ မှာ လူတွေ မကြာခဏ မီးပျက်တောက်တာကို ပုံမှန်ရင်ဆိုင်နေကြရတယ်။ လျှပ်စစ်ဓါတ်အားပေးဌာနကလည်း ဘာမှ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး။ ဒါကြောင့် မြို့ ခံတွေလည်း အတော်လေး ဒေါသူပုန်ထနေကြတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးက hand in glove ဖြစ်ပါတယ်။ Hand = လက်,  In = အထဲမှာ, Glove = လက်အိတ် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်အိတ်ထဲမှာ ရှိနေတဲ့လက်။ တနည်းအားဖြင့် လက်အိတ်ဝတ်ထားတဲ့လက် ဖြစ်ပါတယ်။ လက်အိတ်ဝတ်ထားရင် ကိုယ့်ရဲ့  လက်အကြီးအသေးပေါ် မူတည်ပြီး size ဆိုတဲ့ အရွယ်အစားနဲ့ တော်တာကို ဝတ်ရတာကို အားလုံးသိကြပါလိမ့်မယ်။ ဒါကြောင့် လက်အိတ်နဲ့ လက်က တော်ရမှာဖြစ်သလို အထဲကလက် လှုပ်ရှားသလိုပဲ အပြင်မှာဝတ်ထားတဲ့ လက်အိတ်ကလည်း လှုပ်ရှားရတာမို့ လက်နဲ့လက်အိတ်ဟာ တသားတည်းရှိတဲ့ သဘောဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က လူတွေကို ရည်ညွှန်းသုံးမယ်ဆိုရင် လူနှစ်ဦးဟာ သိပ်ကို နှစ်ကိုယ့်တကိုယ် ဖြစ်တဲ့သဘော၊ စိတ်ချင်းသဘောချင်း တိုက်ဆိုင်တာ မဟုတ်တာ လုပ်မယ်ဆိုရင်လည်း ကျမတို့ မြန်မာမှာ တကျိတ်တည်း တဥာဏ်တည်း ပူးပေါင်းကြံစည်းတာမျိုး။ ပုလင်းတူဘူးစို့ စတဲ့ အသုံးအနှုန်းတွေနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Some policemen who were working hand in glove with the drug gang were arrested and jailed.

မှုးယစ်ဆေးဂိုဏ်နဲ့ တကျိတ်တည်း တဥာဏ်တည်း လုပ်ကိုင်နေတဲ့ ရဲတချို့  ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချခံကြရတယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက high handed ဖြစ်ပါတယ်။ High = မြင့်သော,Handed = ကိုင်တွယ်သည် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမြင့်ကနေ ကိုင်တွယ်သည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း အပေါ်စီကနေ နေတာ၊ ဆက်ဆံပုံ မောက်မာတာ၊ မာန်မာန ထောင်လွှားပြီး ဆက်ဆံပြုမှုတာမျိုး။ ကျမတို့မြန်မာ ဘန်းစကားမှာတော့ အနိုင်ကျင့် ဗိုလ်ကျတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The factory workers went on strike because they want to protest the manager who was high handed.

စက်ရုံအလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြခဲ့ကြတယ်။ မန်နေဂျာရဲ့  အနိုင်ကျင့် ဗိုလ်ကျဆက်ဆံတာကို သူတို့မကျေနပ်ကြလို့ အခုလို ဆန္ဒပြကြခြင်း ဖြစ်တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ caught red handed ဖြစ်ပါတယ်။ Caught = က catch ဆိုတဲ့ ဖမ်းမိတယ်ဆိုတဲ့ ဝေါဟာရရဲ့  past tense အတိတ်သဘောကိုပြတဲ့ ကြိယာ verb ဖြစ်ပါတယ်, Red = အနီရောင်၊ အနီ, Handed = လုပ်ဆောင်သည် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်နီနဲ့ လုပ်ဆောင်တာကို မိတယ် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ၁၅ ရာစု စကော့တလန်ကဖြစ်တယ်လို့ ဆိုပါတယ်။ လက်မှာ အနီရောင်ရှိတဲ့ သွေးပေကျံနေတဲ့ အယူအဆကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယအဓိပ္ပါယ်ကတော့ တခုခု ကျူးလွန်တာကို လက်ပူးလက်ကြပ်မိတဲ့ သဘောမျိုးဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John was caught red handed smoking cigarette by his wife. She was angry with him as he has promised her he would stop this habit.

John ဆေးလိပ်သောက်တာကို သူ့အမျိုးသမီးက လက်ပူးလက်ကြပ် မိသွားခဲ့တယ်။ သူက အဲဒီအကျင့်ကို ဖျောက်ပါမယ်လို့ ကတိပေးထားတော့ သူ့အမျိုးသမီးက ဒေါသထွက်တာပေါ့။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

0 comments:

Post a Comment