Sunday 22 April 2012

Wet စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ wet behind the ears, wet blanket နဲ့ get your feet wet တို့ ဖြစ်ပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ wet behind the ear  ဖြစ်ပါတယ်။ Wet = စိုစွက်သော်, Behind = အနောက်မှာ, Ears = နားရွက်များ တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နားများနောက်ဖက် စိုနေသော ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ (၂၀) ရာစုအစောပိုင်း အမေရိကန်ပြည်ထောင်စုမှာလို့ ဆိုပါတယ်။ မွေးစခလေးတွေဆိုရင် အမိဝမ်းအတွင်းက မွေးမွေးချင်း ချွဲရေတွေ၊ သွေးတွေ စသဖြင့်နဲ့ စိုစွက်နေတာ သောတရှင်များ အသိဖြစ်ပါတယ်။ ဒါကြောင့် နားနောက်မှာ စိုနေတယ်ဆိုတဲ့ အီဒီယံအဓိပ္ပါယ်ကတော့ မရင့်ကျက်သေးတာ၊ အတွေ့အကြုံမရှိသေးတာ၊ အတွေ့အကြုံနည်းသေးတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ Chris Crew ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Tom is still wet behind the ears in this business as he graduated from college just last year. So, if you assign him to this project, he might make mistakes.

Tom က မနှစ်ကမှ ကောလိပ်က ဘွဲ့ရတာဆိုတော့ ဒီ စီးပွားရေးလုပ်ငန်းမှာ သိပ်အတွေ့အကြုံ မရှိသေးဘူး။ ဝါနုသေးတယ်။ ဒါကြောင့် ဒီစီမံကိန်းမှာ ခင်များ သူကို တာဝန်ပေးမယ်ဆိုရင် သူ အမှားတွေလုပ်မိနိုင်တယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ wet blanket ဖြစ်ပါတယ်။ Wet = စိုစွက်သော, Blanket = ခြုံစောင် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စိုနေသောခြုံစောင် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အများသိတဲ့အတိုင်း မီးလောင်ရင် လောင်နေတဲ့မီးကို စိုနေတဲ့စောင်နဲ့ အုပ်လိုက်ရင် ငြိမ်သွားပါတယ်။ ဒါကြောင့်မို့ ထတောက်ဖို့ ဟန်ပြင်ကရှိသေး စိုနေတဲ့ဆောင်နဲ့ အုပ်လိုက်တော့ မီးငြိမ်သွားတဲ့သဘောဆိုတော့ တခုခုကို အဆုံးသတ်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒါအပြင် စိုနေတဲ့စောင်ဆိုရင်လည်း ဘယ်သူကမှ ခြုံချင်မှာ မဟုတ်တာကို အများအသိပါ။ ဒါကြောင့် အီဒီယံအသုံး အဓိပ္ပါယ်က ပျော်စရာကောင်းတဲ့ အချိန်မျိုးမှာ ပွဲပျက်စေတဲ့လူမျိုးကို wet blanket လို့ ခေါ်ဆိုနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ Chris Crew ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
He is such a wet blanket at the party. He doesn’t dance or drink. He also gets upset when the music is too loud.

သူက ပါတီပွဲဖျက်တဲ့လူတယောက် ဖြစ်နေတယ်။ ကလည်း မကတတ်၊ အရက်လည်း မသောက်တတ်ဘူး။ သီချင်းအသံတွေ ကျယ်ရင်လည်း သူက စိတ်တိုနေသေးတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ get your feet wet ဖြစ်ပါတယ်။ Get = ဖြစ်စေသည်၊ ရရှိသည်, Your = သင်၏ , Feet = ခြေထောက်များ,  Wet  = စွက်စိုသော ဖြစ်ကြပါတယ်။ စကားစုတိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြေထောက်များကို စိုစွက်အောင်လုပ်သည် ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံကလည်းရှင်းပါတယ်။ ရေမကူးတတ်တဲ့လူ၊ ရေကြောက်တဲ့လူဆိုရင် ရေထဲမဆင်းရဲတာကို သောတရှင်များ သိကြပါတယ်။ ဒါကြောင့် နောက်ဆုံး ရေထဲကို အစမ်းသဘော ခြေစိုရုံလောက် ဆင်းကြည့်တဲ့သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။ အရင်က မလုပ်ဘူးတာကို ပထမဦးဆုံး စလုပ်ကြည့်တာ၊ အစမ်းသဘော လုပ်ကြည့်တာ၊ မြေစမ်းခရမ်းပျိုး လုပ်ကြည့်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ Chris Crew ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I have never invested in stock before, but my boss said it is time to get my feet wet. So, I am thinking of buying stocks in energy.

ကျနော်အနေနဲ့ စတော့ဈေးကွက်မှာ ရင်းနှီးမြုပ်နှံတာ တခါမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကျနော့်ဆရာသမားက ကျနော်အနေနဲ့ စမ်းလုပ်ကြည့်သင့်ပြီလို့ ပြောလာတာကြောင့် စွမ်းအင်နဲ့ ပတ်သက်တဲ့ စတော့တွေကို ဝယ်ဖို့ ကျနော်စဉ်းစားနေမိတယ်။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network

0 comments:

Post a Comment