Sunday 22 April 2012

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ stump, spin doctor နဲ့ jump on the band wagon တို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီမို့ ဒီတပတ် ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဆုံး တင်ပြပေးမှာကတော့ Stump ဖြစ်ပါတယ်။ Stump ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သစ်ငုတ်တိုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခါစ စောစောပိုင်းက အမေရိကန် လူမျိုးတွေအနေနဲ့ မြေရိုင်းတွေကို လယ်မြေအဖြစ် အသုံးပြုဖို့ မြို့ရွာများတည်ဖို့ သစ်ပင်တွေ
ခုတ်ထွင်ရှင်းလင်းကြပါတယ်။

ထိုစဉ်က အခုလို မြို့သစ်ရွာသစ်တွေဆီကို နိုင်ငံရေးသမားတဦးလာပြီး မဲဆွယ်တဲ့အခါ သူဟာ လူအုပ်ကြီးကို စကားပြောရာမှာ သူ့ကို မြင်နိုင် ကြားနိုင်အောင် သစ်ငုတ်တိုပေါ် တက်ပြီး နိုင်ငံရေးကို တရားဟောရတာဖြစ်ပါတယ်။
အဲဒီတော့ နှစ်တွေ ကြာလာတာနဲ့အတူ သစ်ငုတ်တိုလို့ အဓိပ္ပါယ်ရပြီး နာမ်အဖြစ် အသုံးပြုတဲ့ Stump ကို ကြိယာအဖြစ်လည်း အသုံးပြုလာပြီး အဓိပ္ပါယ်ကတော့နိုင်ငံရေး မဲဆွယ် တရားဟောဖို့၊ တနေရာကနေ တနေရာလှည့်လည်သွားလာခြင်းပဲဖြစ်ပါတယ်။

အခုလောလောဆယ်မှာ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်ပါတီက သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံဖို့ ဆိုင်းပြင်းနေကြတဲ့ အထက်လွှတ်တော် အမတ် နှစ်ဦးဖြစ်တဲ့ ဟီလာရီ ကလင်တန် နဲ့ ဘားရက်အိုဘားမားတို့အပြင် ရီပတ်ပလစ်ကန်ဘက်က အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း တို့လည်းကျန်ရှိတဲ့ပြည်နယ်တွေကို မဲဆွယ်လှုပ်ရှားနေကြတာ သောတရှင်များ အသိဖြစ်ပါတယ်။

သူတို့အခုလို မဲဆွယ်လှုပ်ရှားတာကို Stump လို့ ရည်ညွှန်းပြောလို့ ရပြီးတော့ သူတို့ မဲဆွယ်ပြောကြားတဲ့ မိန့်ခွန်းများကိုလည်း Stump Speeches လို့ ပြောလို့ရပါတယ်။ ဒီအသုံးနဲ့ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကိုနားဆင်ကြည့်ကြရအောင်။
The Governor is running for re-election and he’s looking hard for votes. He stumps the whole state next month and may speeches in over 50 cities and towns.

ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ပြန်လည်အရွေးခံဖို့ရှိပါတယ်။ သူ့ကို မဲပေးကြဖို့ သူ သိပ်လိုလားနေတယ်။
ဒါကြောင့် သူဟာ လာမယ့် လ တလလုံး မြို့ကြီး မြို့ငယ်ပေါင်း ၅၀ ကျော်တို့ကို
လှည့်လည်သွားလာပြီး မဲဆွယ်မိန့်ခွန်းတွေ ပြောကြားမှာဖြစ်ပါတယ်။
နောက်ထပ်တင်ပြပေးမယ့် အီဒီယမ်အသုံးကတော့ Spin Doctor ဆိုတာပဲဖြစ်ပါတယ်။ စာလုံးပေါင်းက Spin လှည့်တာ၊ လည်ပတ်စေတာ၊ Doctor ဆရာဝန်လို့ လုံးကောက်အဓိပ္ပါယ်ရပါတယ်။ အီဒီယမ်ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ် ကတော့ ဒီလိုပါ။

မကောင်းတာကို ကောင်းအောင်ကြည့်ပြောတတ်တဲ့ လူ့ပဂေး၊ အနှုတ်လက္ခဏာကို အပေါင်းလက္ခဏာဖြစ်အောင် ပြောတတ်တဲ့ လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
အခုလို ရွေးကောက်ပွဲနီးလာချိန်မှာ ရုပ်မြင်သံကြားကနေ မဲဆွယ်လှုပ်ရှားတာ သိပ်ကို အရေးကြီးလှတဲ့အတွက် ကိုယ်စားလှယ်လောင်းတို့အနေနဲ့ Spin Doctor တွေကို ငှားရမ်းလေ့ရှိပါတယ်။ Spin Doctor ကတော့ ရုပ်မြင်သံကြားနဲ့ သတင်းစာနယ်ဇင်းတွေမှာ ကိုယ်စားလှယ်လောင်းတဦးကို လူကြိုက်များအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပါရမီပါသူ လူထု ဆက်ဆံရေးကျွမ်းကျင်သူ တဦးကို
ဆိုလိုတာဖြစ်ပါတယ်။

တင်းနစ်ဘောလုံးကို အထူးလှည့်ကွက် ရိုက်ချက်နဲ့ ပေးလိုက်ရင် တဖက်က ဘယ်လိုမှ နိုင်အောင် ပြန်မရိုက်နိုင်တဲ့သဘောပါ။အကြပ်အတည်းတွေ့နေတဲ့ နိုင်ငံရေးသမားတဦး အကြောင်း သုံးထားတဲ့ George Crows ပေးတဲ့ ဥပမာကိုနားဆင်ကြည့်ကြရအောင်။

All candidates get in trouble in front of the TV cameras. Every time they ask him about the economy or his stand on abortion. We’d better get a good spin doctor to give him some quick coaching.

ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းကတော့ ပြဿနာပါပဲဗျာ။ တီဗွီကင်မရာရှေ့ကျ နိုင်ငံ့ရဲ့
စီးပွားရေး၊ ပဋိသန္ဓေဖျက်ချရေး ကိစ္စနဲ့ ပတ်သက်လို့ သူ့အမြင်ကို မေးတိုင်း ဒုက္ခရောက်တော့တာပဲ။ ဒါကြောင့် သူ့ကို လက်ထပ်သင်ကြားပေးနိုင်မယ့် အပြောကောင်းတဲ့ ပဂေးတယောက်ကိုတော့ အမြန်ဆုံး ရှာကြပါစို့။
အခုနောက်ဆုံး တင်ပြပေးမယ့် အီဒီယမ်အသုံးကတော့ Jump On The Band Wagon ဖြစ်ပါတယ်။ Jump On = အပေါ်ကို ခုန်တက်သည်။ The Band = အတီးအမှုတ်။ Wagon = လှည်း ဆိုတော့ Band Wagon ရဲ့ အဓိပ္ပါယ်က အတီးအမှုတ်နဲ့ ဖျော်ဖြေသူတစုကို သယ်ယူပို့ဆောင်ပေးတဲ့ လှည်းဖြစ်ပါတယ်။ သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ရေဒီယို ရုပ်မြင်သံကြားတို့ မပေါ်မချင်းခေတ်ကဆို
နိုင်ငံရေးသမားတွေအနေနဲ့ လူထုရဲ့အာရုံကို ရနိုင်ဖို့ အတီးအမှုတ်ဖျော်ဖြေသူတွေ ပါတဲ့ လှည်း မှာ သူတို့ နာမည်ကြော်ငြာကပ်ပြီး လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။

အတီးအမှုတ်သမားတွေကလည်း လူအုပ်ကြီးဝိုင်းလာအောင် ကျယ်နိုင်သမျှ ကျယ်အောင် တီးမှုတ်ကြတဲ့အတိုင်း ၀င်ရောက် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းကို လူကြိုက်များတယ်လို့ ယူဆရင် ပါမွှားနိုင်ငံရေးသမားတွေက အဲဒီကိုယ်စားလှယ်ရဲ့မဲဆွယ်တဲ့ရထားပေါ်ကို ခုန်တက်ကြပြီး ကျုပ်တို့တော့
ဒီကိုယ်စားလှယ်ဘက်ကဗျို့ဆိုပြီးတော့ ထောက်ခံမှု ပြသရာကဒီအသုံးဆင်းသက်လာတာဖြစ်ပါတယ်။ ခုခေတ်မှာတော့ အတီးအမှုတ်သမားတွေကိုလှည်းပေါ်တင်ပြီး လိုက်လံ မဲဆွယ်တာမျိုးတော့ မရှိတော့ပါဘူး။
ဒါပေမဲ့လို့လည်း နိုင်ငံရေးယုံကြည်ချက်ကို Band Wagon ဆိုပြီး ရည်ညွှန်းအသုံးပြုလာကြပြီး အဖွဲ့အစည်းတခုခု ပါတီတခုခု အယူအဆသစ် တခုခုကို သဘောကျလို့ ထောက်ခံသူများတဲ့စာရင်းဝင်ချင်ရင် Jump on the band wagon ဆိုတဲ့ အသုံးကို ရည်ညွှန်းအသုံးပြုလာကြတာကို တွေ့ရပါတယ်။
ဒီအသုံးနဲ့ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။
Sometime you can tell who is going to win a big office like President or Governor by watching how many other politicians come running to jump on his band wagon and get credit for supporting him.

သမ္မတ ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့လို ရာထူးတွေအတွက် ဘယ်သူအနိုင်ရမလဲဆိုတာကို
သူ့ကို ၀ိုင်းထောက်ခံကြတဲ့ အရေအတွက်ကို ကြည့်ခြင်းအားဖြင့်
ကြိုတင်သိနိုင်ပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ to vote with your feet, throw in your towel, underdog နဲ့ press the flesh တို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီမို့ ဒီတပတ် အီဒီယံအသုံးအနှုန်း မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပပြုလုပ်မယ့်
ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီမို့ ဒီတပတ် ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုမှာ အသုံးပြုလေ့ရှိတဲ့ အီဒီယံအသုံးအနှုန်းများကိုတင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းမှာ to vote with your feet ဖြစ်ပါတယ်။ To vote = မဲပေးသည်။ with = နှင့်။ your = သင့်၏ နဲ့ feet = ခြေထောက်များ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ခြေထောက်များနဲ့ မဲပေးခြင်း ဖြစ်ပါတယ်။ ဒီအသုံးကတော့ မဲပေးတဲ့
ရွေးကောက်ပွဲတွင်မက ကိုယ့်က မထောက်ခံဘူး သဘောမကျဘူးဆိုတာကို ပြသရင်ပွဲကြည့်ရာမှာဖြစ်ဖြစ်၊ မိန့်ခွန်းပြောတာကိုနားထောင်ရာမှာဖြစ်ဖြစ်ဘယ်လိုအမူအယာမျိုးနဲ့ ပြသနိုင်မလည်းဆိုရင်တော့
 ခြေထောက်ကို သုံးပြီးအဲဒီနေရာက ထားထွက်သွားရုံ ဖြစ်ပါတယ်။ ဒါကြောင့်မို့
ကိုယ်အလိုမကျဘူးဆိုတာကို ပြသတဲ့အတွက် နေရာကနေ ထွက်ခွါသွားတာကို to vote
with your feet လို့ တင်စားပြောဆိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I am preparing to vote with my feet if the candidate’s speech is boring. I support someone who can provide good leadership, not just words.

ဒီကိုယ်စားလှယ်လောင်း ပြောတဲ့ မိန့်ခွန်းက ပျင်းစရာကောင်းတယ်ဆိုရင်တော့
ကျနော်တော့ နေရာကနေ ထားထွက်သွားဖို့ အဆင်သင့်ပါပဲ။ ကျနော်အနေနဲ့ကတော့
အပြောကြီးသက်သက် မဟုတ်ဘဲ ခေါင်းဆောင်ကောင်း ပြသနိုင်မယ့် လူမျိုးကိုမှ
ထောက်ခံမှာဗျ။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးကတော့ throw in your towel ဖြစ်ပါတယ်။ Throw in = အထဲကို ပြစ်သွင်းသည်။ Your = သင့်၏ နဲ့ towel = မျက်နှာသုတ်ပုဝါ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကမျက်နှာသုတ်ပုဝါကို ပြစ်ထဲလိုက်ခြင်း ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းက
လက်ဝှေ့ပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ချွေးသုတ်ဖို့မျက်နှာသုတ်ပုဝါလေးတွေကို ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားနှစ်ယောက်အနေနဲ့သူတို့ ဂုတ်ပိုးများပေါ်မှာ တင်ထားတာကို တွေ့ဘူးကြပါလိမ့်မယ်။ လက်ဝှေ့ပွဲမှာကိုယ်က အခြေအနေ မဟန်တော့ဘူး၊ ဆက်မထိုးနိုင်တော့ဘူး၊ အရှုံးပေးပါပြီးဆိုတဲ့
အချက်ပြရင် သာမန်အားဖြင့် လက်ဝှေ့သမားအနေနဲ့ သူ့ရဲ့  မျက်နှာသုတ်ပုဝါကို
လက်ဝှေ့ဝိုင်းကနေ ကြမ်းပေါ်ကို ပစ်ချလိုက်ရင် အရှုံးပေးတဲ့ သဘောကိုဆောင်တယ့်
ဓလေ့ကနေ ဒီအသုံးအနှုန်း ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းကို လက်ဝှေ့ပွဲတွင်မက သာမန်နေ့စဉ်ဘဝတွေရဲ့  ယှဉ်ပြိုင်မှုတွေ၊ လုပ်ငန်းဖော်ဆောင်မှုတွေမှာ လက်မြောက်အရှုံးပေးပါပြီ၊ ဆက်မလုပ်တော့ပါဘူး၊ နှုတ်ထွက်လိုက်ပါပြီလို့ ပြောကြားတဲ့လူတွေ ရှိတာမို့လည်း throw in the towel အသုံးကို သုံးစွဲလာကြပါတယ်။

အခုလက်ရှိ မြန်မာ့ရွေးကောက်ပွဲမှာလည်း တချို့  ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အစားက ဝင်ယှဉ်ပြိုင်ဖို့ အားခဲထားကြပေမယ့် အကြောင်းကြောင်းကြောင့် နောက်ပိုင်းမှာ နုတ်ထွက်ခဲ့ကြတာတွေလည်း ရှိတာမို့
ဒီ အီဒီယံအသုံးအနှုန်းနဲ့ လိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်။

George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
A few of the party candidates who acted first planned to stand for the elections decided to throw in their towels. They found the election
rules to strict for them.

နိုင်ငံရေးပါတီ ကိုယ်စားလှယ်တချို့ က အစက ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာနုတ်ထွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းတွေက သူတို့အတွက်သိပ်ကို တင်းကြပ်ကြတယ်လို့ ယူဆကြပါတယ်။
တတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက underdog ဖြစ်ပါတယ်။ Underdog ရဲ့  တိုက်ရိုက် အဓိပ္ပါယ်က အောက်မှာရောက်နေတဲ့ ခွေးဖြစ်ပါတယ်။ဒီအသုံးဆင်းသက်လာတဲ့ နောက်ခံသမိုင်းကတော့ ခွေးချင်းယှဉ် သတ်ကြတဲ့ ပြိုင်ပွဲကဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အသာရနေတဲ့ နိုင်ချေရှိတဲ့ ခွေးက
အပေါ်စီးမှာရှိနေတော့ အဲဒီခွေးကို top dog လို့ ခေါ်ဆိုပြီး အားနည်းတယ်၊နိုင်ချေသိပ်မရှိဘဲ အောက်မှာ အဖိခံနေရတဲ့ ခွေးကို underdog လို့ ခေါ်လို့ရှိနေရာကနေ ဒီအသုံးအနှုန်း ဆင်းသက်လာတယ် ဆိုကြပါတယ်။
နေ့စဉ်ဘဝ၊ အားကစားပြိုင်ပွဲဖြစ်စေ၊ နိုင်ငံရေး ယှဉ်ပြိုင်မှုမှာဖြစ်စေ နိုင်ဖို့ အခြေအနေ သိပ်အားမကောင်းတဲ့ ယှဉ်ပြိုင်သူကို ရည်ညွှန်းပြောလေ့ ရှိပါတယ်။ ဥပမာ ရွေးကောက်ပွဲမှာဆို နိုင်ငံရေး အတွေ့အကြုံနည်းပါးလို့ဖြစ်စေ၊ မဲဆွယ်လှုပ်ရှားမှု ရံပုံငွေ မတောင့်တင်းလို့ဖြစ်စေ၊cတဘက်ယှဉ်ပြိုင်ဖက်က သိပ်ကို အင်အားကြီးနေလို့ ဖြစ်စေ၊ အောက်ကနေဝင်လျှိုဝင်ပြိုင်ရတဲ့ အခြေအနေမျိုးရှိသူကို underdog လို့ ပြောဆိုကြပါတယ်။ တခါတရံလည်း ဒီပုဂ္ဂိုလ်မျိုးတွေဟာ မမျှော်လင့်ဘဲ အနိုင်ရတာတွေ ရှိတတ်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The candidate of this political party is considered as an underdog. He is new to politics and his party is also struggling with campaign fund, but we will have to wait and see.

ဒီ နိုင်ငံရေးပါတီရဲ့  ကိုယ်စားလှယ်ဟာ သိပ်နိုင်ချေ မရှိဘူးလို့ ယူဆခံရတယ်။ သူက နိုင်ငံရေး
မျက်နှာသစ် ဖြစ်သလို သူ့ပါတီကလည်း ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု ရံပုံငွေလည်း မနည်းရှာနေရတယ်။ ဒါပေမဲ့ ကျနော်တို့ သူကို စောင့်တော့ကြည့်ရမယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ press the flesh ဖြစ်ပါတယ်။ Press = ဖိသည်။ Flesh = အသား တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသားကို ဖိသည် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကတော့ (ဒီနေရာမှာ) လက်ဆွဲနှုတ်ဆက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ပွဲ စတင်ပြီဆိုရင် ကိုယ့်မဲဆန္ဒနယ်မြေနဲ့ ထိတွေ့ဖို့ ရှိဖို့က အရေးကြီးဆုံးထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ အနောက်တိုင်းဓလေ့မှာတော့ လက်ဆွဲနှုတ်ဆက်တာကို ပြုလုပ်ကြပါတယ်။ ကိုယ့်မဲဆန္ဒရှင်တွေကလည်း လူကိုယ်တိုင်အရေးတယူ လက်ဆွဲနှုတ်ဆက်လုပ်တယ်ဆိုရင် သဘောကျလေ့ ရှိကြတာမို့လည်းရွေးကောက်ပွဲ လှုပ်ရှားလုပ်ကိုင်နေသူ အနေနဲ့ လက်ဆွဲနှုတ်ဆက်ရင် press the
flesh လို့ ပြောဆိုကြပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The candidate did a lot of press fleshing during his campaign. No wonder the people liked him and voted for him.

ဒီ ကိုယ်စားလှယ်လောင်းက သူ့မဲဆွယ် လှုပ်ရှားမှုအတွင်း လူတွေကို လိုက်ပြီးလက်ဆွဲနှုတ်ဆက်တာတွေ အများကြီး လုပ်ခဲ့တယ်။ ဒါကြောင့် လူတွေလည်း သူကို သဘောကျပြီး ထောက်ခံမဲ ပေးခဲ့ကြတာ မဆန်းပါဘူး။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ to win by a landslide, win by the nose, နဲ့ clean sweep တို့ ဖြစ်ကြပါတယ်။

နိုဝင်ဘာလမှာ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတော့ ဒီသတင်းမှာလည်း
ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံကတော့ to win by a landslide ဖြစ်ပါတယ်။ To win =
အနိုင်ရဖို့, By a landslide = မြေပြိုကြသည် - မြေပြိုတဲ့အခါ
တောင်စောင်းတလျှောက်မှာ ရှိရှိသမျှ ကျောက်တုံး၊ ကျောက်ခဲတွေ ဒလဟော
ထိုးကျလာတဲ့ သဘောဖြစ်ပြီး နိုင်ငံရေးနယ်ပယ်မှာလည်း မဲတွေဟာ
ဝင်ရောက်ယှဉ်ပြိုင်သူဘက်ကို အပြတ်အသတ် ဒလဟော ဆင်းလာတဲ့သဘောမျိုး ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီအသုံးကတော့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိလိုက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲတခုမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပုံအကြောင်း ဥပမာကို George Crows က ပြောပြပါလိမ့်မယ်။
One race that was decided early on the election night was the senate race in Maryland. Barbara Mikulski was way ahead from the start and ended up
with the real landslide over sixty percent.

ရွေးကောက်ပွဲညက စောစောစီးစီး အဆုံးအဖြတ်ပေးတဲ့ ပြိုင်ပွဲကတော့ မယ်ရီလန်းပြည်နယ်က
ရွေးကောက်ပွဲပါပဲ။ Barbara Mikulski ဟာ မဲရုံစဖွင့်ကတည်းက ရှေ့က ပြေးနေပြီး
မဲရုံလည်း ပိတ်လိုက်ရော အပြတ်အသတ်ကို အနိုင်ရရှိသွားခဲ့တယ်။ ရာခိုင်နှုန်း
၆၀ ကျော်နဲ့ အနိုင်ရသွားတယ်။
ဒီ landslide ဆိုတဲ့အသုံးစကားနဲ့ ဆန့်ကျင်ဘက် အသုံးအနှုန်းကတော့ win by the nose ဆိုတဲ့အသုံးပဲ ဖြစ်ပါတယ်။ win = အနိုင်ရရှိသည်၊ by = နှင့်၊ the nose = နှာခေါင်းတို့ ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်က နှာတဖျားနဲ့
အနိုင်ရရှိလိုက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာလည်း ဒီအသုံးရှိတာ သောတရှင်များ သိပြီးဖြစ်ပါတယ်။ ဒီအသုံးကတော့ မြင်းပွဲကနေ
ဆင်းသက်လာတာဖြစ်ပါတယ်။ မြင်းတကောင်နဲ့တကောင် အကြိတ်အနယ် အပြေးပြိုင်ရာကနေ
ပန်းဝင်ဖို့ စက္ကန့်ပိုင်းအနည်းငယ်အလိုမှာ နောက်ဆုံးမြင်းက အားကုန်ဆွဲပြီး
ပြေးလိုက်တဲ့အခါမှာ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိသွားခြင်းပါ။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
Nobody gave Mrs. Green a chance to win. She was new to politics and her opponent had plenty of money for his campaign, but she was very hard to
get voters' support and surprise us all when she won by a nose.”

Mrs. Green ကို အနိုင်ရရှိလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားဘူးလေ။ သူဟာ
နိုင်ငံရေးလောကမှာ မျက်နှာသစ်ဖြစ်ပြီး သူ့ရဲ့ယှဉ်ပြိုင်ဘက်ကလည်း
မဲဆွယ်လှုပ်ရှားမှုမှာ သုံးဖို့ ငွေအင်အားကောင်းတယ်။ ဒါပေမဲ့ သူက
မဲဆန္ဒရှင်တို့ထံက ထောက်ခံမှုရရှိဖို့ မနားမနေ ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် သူ
နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိလိုက်တော့ ကျနော်တို့ အားလုံး
အံ့အားသင့်သွားရတယ်ပေါ့ဗျာ။
စောစောပိုင်းက တင်ပြခဲ့တဲ့ မဲအပြတ်အသတ် အနိုင်ရရှိမှုနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကို ပြန်ပြီးလေ့လာမယ်ဆိုရင်တော့ သတင်းစာလောကမှာ အသုံးများတဲ့စကားရပ်ကတော့ clean sweep ဆိုတဲ့ အီဒီယံအသုံးအနှုန်း ဖြစ်ပါတယ်။
စာလုံးပေါင်းက clean =  သန့်သန့်၊ sweep = အောက်ခြေသိမ်းကအစ ပြောင်နေအောင်
လှဲကျင်းပစ်လိုက်တဲ့သဘော ဆောင်ပါတယ်။ တံမျက်စည်းကြီးနဲ့ ပြောင်နေ အောင်
လှဲကျင်းပစ်လိုက်သလို မြို့တမြို့ ဒါမှမဟုတ် ပြည်နယ်တနယ်မှာ ပါတီတခုက
အားလုံးသိမ်းကျုံးပြီး အနိုင်ရရှိလိုက်တာကို ဒီ အီဒီယံ ကို
သုံးနှုန်းလို့ရပါတယ်။

မကြာမီက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ မဲများ ကျုံးပြီးအနိုင်ရရှိလိုက်တဲ့ ပြည်နယ်တခုရဲ့
နိုင်ငံရေးပါတီအဖွဲ့ဥက္ကဋ္ဌတဦး ပြောကြားချက်ကို လေ့လာကြည့်ကြရအောင်။
I’m glad to say all party won every major election in our state - Governor, US Senator or Congressman and big majority in the state legislature. It
was the first clean sweep for us in the last forty years.

ကျနော်တို့ပါတီက ပြည်နယ်ရဲ့ အဓိက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိလိုက်တဲ့အတွက်
ကျနော့်အနေနဲ့ ဝမ်းသာမဆုံးဖြစ်မိတယ်လို့ ပြောရမှာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်၊
ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် အားလုံးအပြင် ပြည်နယ်ဥပဒေပြု
အဖွဲ့ဝင်ကိုယ်စားလှယ်တွေမှာလည်း မဲအများစုကို ရရှိလိုက်တယ်လေ။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဦးဆုံးအကြိမ် ကျနော်တို့အတွက် အောက်ခြေကနေ
သိမ်းကျုံးပြီး အနိုင်ရရှိလိုက်ခြင်းဖြစ်တယ်။

Ref : VoA LearnEnglish
By Zaw Oo
Myanmar Network

0 comments:

Post a Comment