Sunday 29 April 2012

Strike စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ strike a chord, strike gold နဲ့ strike while the iron is hot အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike a chord ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ တီးသည်။ A = တခု၊ Chord = တူရီယာကြိုး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က တူရီယာကြိုးတခုကို တီးခတ်လိုက်သည် ဖြစ်ပါတယ်။ တူရီယာကြိုးကို တီးခတ်လိုက်ရင် ထွက်ပေါ်လာတဲ့သံစဉ်ကို ကြားလိုက်ရတဲ့ လူတဦးအနေနဲ့ စိတ်ထဲမှာ သတိထားလိုက်မိမယ်၊ ခံစားချက်တခုခု ပေါ်လာစမြဲ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကြားလိုက်ရ၊ တွေ့လိုက်ရတာဟာ လူတဦးဦးမှာ ခံစားချက်ဖြစ်စေတာ၊ တခါတရံမှာလည်း ဖြစ်လေ့ရှိတာက ဒီ အသံကြားဘူးပါတယ်။ ဒီရုပ် မြင်ဘူးပါတယ်။ ဒီ စာသားမျိုး ဖတ်ဘူးပါတယ်ဆိုပြီးတော့ တခုခုကို အမှတ်ရစေတဲ့အခါမှာလည်း strike a chord အီဒီယံကို ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။ တနည်းဆိုတော့ ဆက်စပ်မှုတခုခု ရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒီနေရာမှာ strike အစား touch = ထိတွေ့တယ် ဆိုတဲ့ ဝေါဟာရကို အစားထိုးပြီး touch a chord လို့လည်း အီဒီယံမှာ ပြောဆိုနိုင်ပါတယ်။

ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The program clearly has struck a chord with our listeners. We received a lot of letters from them saying how much they like it.

ဒီ အစီအစဉ်ကို ကျနော်တို့ သော်တာရှင်တွေ သိသိသာသာ အတော်လေးအကြိုက်တွေ့ကြတယ်လို့ ဆိုရမှာပါ။ အဲဒီ အစီအစဉ်ကို သူတို့ ဘယ်လောက်ကြိုက်နှစ်သက်ကြသလဲဆိုရင် ကျနော်တို့ သူတို့ဆီက စာတွေအများကြီး လက်ခံရရှိခဲ့တယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike gold ဖြစ်ပါတယ်။ Strike = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ရှာတွေ့သည် လို့ အဓိပ္ပါယ်ယူထားပြီး၊ Gold = ရွှေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရွှေကို ရှာဖွေတွေ့ရှိသည် ဖြစ်ပါတယ်။ ရွှေရှာဖွေ တွေ့ရှိတဲ့ တွင်းတူးသမားဆိုရင် သူဋ္ဌေးသူကြွယ် ဖြစ်ကိန်းလို့ ထင်ကြပါလိမ့်မယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ငွေရပေါက်တွေ့တာ၊ ချမ်းသာလာတာ၊ စီးပွားဖြစ်လာတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာလည်း ဘယ်သူဘယ်ဝါကတော့ ရွှေတွင်းကြီး တွေ့သွားပြီ၊ ပွပေါက်တိုးသွားပြီ ပြောတာတွေ ကြားဘူးပါလိမ့်မယ်။

ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Those business men who invested with the generals have struck gold.

ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတော့ သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ။
Strike gold နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးကို ငွေကြေးတင်မကပဲ တခုခုနဲ့ ပတ်သက်လို့ ကိုယ့်အတွက် သိပ်ကိုအသုံးဝင်တယ်၊ ကိုယ့်အတွက် အသုံးကျမယ်ဟာ ရလိုက်တယ်ဆိုရင်လည်း ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike while the iron is hot ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ ရိုက်ချသည်၊ While = အချိန်အတောအတွင်း၊ Iron = သံ၊ Hot = ပူသည် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သံပူနေတုန်း ရိုက်ချလိုက်ပါ ဖြစ်ပါတယ်။ သံဆိုတဲ့ သတ္တုကို ပုံသွင်းချင်ရင် အပူပေးပြီး ပျော့လာတော့မှ လိုရာပုံကို သံတူနဲ့ ရိုက်ခတ်ပြီး လုပ်ရပါတယ်။ ပန်းပဲအတတ်ပညာ အလုပ်လို ဖြစ်ပါတယ်။

ပန်းပဲသမားတဦးက သံထည်ပစ္စည်းကို ပုံသွင်းချင်ရင် အရင်ဆုံး သံကို အပူပေးပြီး သံပြားက ပူလာတော့မှ ပန်းပဲသမားက ပန်းပဲတူနဲ့ ထုရိုက်တာကို တွေ့မြင်ဖူးမှာပါ။ အီဒီယံအသုံးကလည်း ဒီအတိုင်းပါပဲ - တခုခု လုပ်စရာရှိလျှင် အချိန်မနှောင်းခင်၊ အခွင့်အခါကောင်းတုန်းလုပ်ဖို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။
Strike while the iron is hot က အီဒီယံအပြင် စကားပုံလည်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံလစိုက် ဆိုတဲ့ စကားပုံမျိုးတွေလို ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကအချက်က အခွင့်အခါကောင်းတုန်း လက်လွတ်မခံဘို့ကို ပြောဆိုခြင်း ဖြစ်ပါတယ်။

ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
You have to strike while iron is hot and invest in oil company’s stocks. Oil prices have skyrocketed because of a crisis in the Middle East.

ရေနံကုမ္မဏီတွေရဲ့  စတော့ဈေးတွေမှာ ရင်းနှီမြုပ်နှံဖို့ အကောင်းဆုံးအချိန်ကို လက်လွတ်မခံနဲ့။ အရှေ့ အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေဟာ မိုးထိုးနေပြီ
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

0 comments:

Post a Comment