Sunday 29 April 2012

Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ deep pocket, bet your bottom dollar, chicken feed နဲ့ cash cow တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ deep pocket ဖြစ်ပါတယ်။ Deep = နက်ရှိုင်းသော, Pocket = အိတ်၊ အိတ်ကပ် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နက်ရှိုင်းသောအိတ် တို့ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အိတ်ကကြီးတယ်၊ နက်တယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ လေ့လာသူများ စဉ်းစားနိုင်ပါတယ်။ တနည်းအားဖြင့် ဓနအင်အားကို အိတ်နဲ့ တင်စားပြောဆိုထားတဲ့အတွက်ကြောင့် အိတ်ကကြီးလေ၊ နက်လေ ပိုက်ဆံနှိက်သလောက် ထွက်လေဆိုတော့ deep pocket အီဒီယံအဓိပ္ပါယ်က ငွေရေးကြေးရေး အတော်ချမ်းသာကြွယ်ဝ၊ ငွေလုံးငွေရင်း အတော်ရှိတာကို ဆိုလိုပါတယ်။ ဒါကြောင့် လူတဦး၊ အဖွဲ့အစည်းတခု၊ ကုမ္မဏီတခုခုက deep pocket ရှိတယ်ဆိုရင် ငွေအင်အားအတော်လေး တောင့်တင်းတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးဆင်းသက်လာတာကတော့ ၁၉၇၀ ခုနှစ်တွေက စတင်လာတယ်လို့ ဆိုပါတယ်။ တခုခုကြောင့် တရားစွဲခံရတဲ့လူ သို့မဟုတ် ကုမ္မဏီအနေနဲ့ ရုံးတော်က ဆုံးဖြတ်ချက်အတိုင်း လျှော်ကြေးငွေကိုပေးဖို့ တတ်နိုင်တယ်ဆိုရင် deep pocket လို့ ရည်ညွှန်းပြောဆိုပါတယ်။ အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံတွေမှာ တရားစွဲလို့ နိုင်တယ်ဆိုရင် စီးပွားရေးကုမ္မဏီကြီးတွေအနေနဲ့ deep pocket ရှိတယ်ဆိုရင် ငွေအင်အားတောင့်တင်းတဲ့အတွက်ကြောင့် တရားသူကြီးက ချမှတ်တဲ့လျှော်ကြေးကို ပေးနိုင်တာဖြစ်ပါတယ်။ ဒေါ်လာသန်းနဲ့ချီလျှော်ကြေး ပေးရတာတွေကို တတ်နိုင်တာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The oil company was sued for pollution, but since the company has deep pocket, it could pay the fine with no problem.

အဲဒီ ရေနံကုမ္မဏီဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် တရားစွဲဆိုခံရတယ်။ ဒါပေမဲ့ အဲဒီ ကုမ္မဏီက ငွေကြေးအင်အား တောင့်တင်းတော့ ဒဏ်ငွေကို ပြဿနာမရှိဘဲ ပေးဆောင်နိုင်ခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် bet your bottom dollar ဖြစ်ပါတယ်။ Bet = လောင်းကစား, Your = သင်၏, Bottom = အောက်ဆုံး၊ နောက်ဆုံး, Dollar = ဒေါ်လာငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အောက်ဆုံး၊ နောက်ဆုံး ဒေါ်လာငွေကို လောင်းကစားသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း နောက်ဆုံးလက်ကျန် ဒေါ်လာငွေ၊ မရှိမဲ့ရှိမဲ့ ဒေါ်လာနဲ့ လောင်းရဲတယ်ဆိုရင် တခုခုကို ရာနှုန်းပြည့်သဘောမှ လောင်းမှာဖြစ်တယ်ဆိုတာ လေ့လာသူများ သိပြီးဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အကုန်အောပြီး လောင်းရဲတယ်ဆိုရင် တခုခုဟာ ရာနှုန်းပြည့် သေချာတာ၊ ဖြစ်ကိုဖြစ်မှာဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John is very lazy. You can bet your bottom dollar he will be sleeping now after having a heavy meal.

John က အလွန်ပျင်းတဲ့လူဖြစ်တယ်။ ကျနော် သတ္တိရှိရှိ လောင်းရဲတယ်။ ထမင်းအဝစားပြီးတော့ သူ အခုဆိုရင် အိပ်နေပြီဆိုတာ သေချာတယ်။

နောက် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ chicken feed ဖြစ်ပါတယ်။ Chicken = ကြက်များ, Feed = အစားအစာ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကြက်စာ ဖြစ်ပါတယ်။ ကြက်စာ၊ ငှက်စာ ဆိုတော့ အားလုံးသိတဲ့အတိုင်း မဆိုသလောက်ရှိတာဆိုတော့ အီဒီယံအဓိပ္ပါယ်ကလည်း တန်းဖိုးသိပ်မရှိတာ၊ သိပ်အရေးမကြီးတာ၊ မဖြစ်စလောက်ရှိတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Thanks goodness I got a job at the book store, but the pay is chicken feed. So, I have to do something.

တော်သေးလို့ပေါ့ စာအုပ်ဆိုင်မှာ ကျနော် အလုပ်ရလို့။ ဒါပေမဲ့ လစာက မဖြစ်စလောက်ဆိုတော့ ကျနော်အနေနဲ့ တခုခုလုပ်ရမယ့် အခြေအနေ ရောက်နေတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Cash Cow ဖြစ်ပါတယ်။ Cash = ငွေကြေး၊ ငွေသား, Cow = နွား ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ငွေရမယ့်နွား ဖြစ်ပါတယ်။ နွားဆိုရင် နို့စားနွားဆိုရင် အမြဲဝင်ငွေရနေတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း တီထွင်တဲ့ပစ္စည်း၊ ရင်းနှီးမြုပ်နှံမှု စသည်တို့မှာ ဝင်ငွေကောင်းစေမယ့် အလားအလာရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Apple တယ်လီဖုန်းတွေက Apple ကုမ္မဏီအတွက် cash cow လို့ ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The company’s latest invention of the phone turned out to be a real cash cow.

အဲဒီ ကုမ္မဏီက နောက်ဆုံး တီထွင်လိုက်တဲ့ တယ်လီဖုန်းဟာ တကယ်ပဲ ကုမ္မဏီအတွက် ဝင်ငွေကောင်းစေမယ့် တီထွင်မှု ဖြစ်နေတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ make a killing, make both ends meet, to be paid peanuts နဲ့ on a shoe string တို့ ဖြစ်ပါတယ်။ငွေနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ make a killing ဖြစ်ပါတယ်။ Make = တခုခုကို ပြုလုပ်သည်, A = တခု, Killing = သတ်တယ်လို့ အဓိပ္ပါယ်ရှိတဲ့ kill ဆိုတဲ့ ကြိယာက ဆင်းသက်လာပြီးတော့ noun နာမ်အဖြစ် killing က သတ်ခြင်းလို့ လုံးကောက်အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာတော့ အဓိပ္ပါယ်က အမြတ်အများကြီးရလိုက်တာ၊ ငွေအများကြီး ဝင်လာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် make a killing လုံးကောက်အဓိပ္ပါယ်က ငွေအများကြီး ရရှိလိုက်ခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုရမှာပါ။ လူတဦးဟာ လောင်းကစားရာမှာဖြစ်ဖြစ်၊ ရင်းနှီးမြုပ်နှံမှု တခုခုကြောင့်ဖြစ်ဖြစ် stock အရောင်းအဝယ်တွေကြောင့်ဖြစ်ဖြစ် တနည်းနည်းဖြင့် ငွေအတော်လေး ရလိုက်တယ်။ အမြတ်များများရလိုက်တယ်။ ကျမတို့မြန်မာ ဘန်းစကားအရဆိုရင် အပွကြီးပွလိုက်တယ်ဆိုရင်တော့ make a killing အီဒီယံကို ရည်ညွှန်းသုံးလို့ ရပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The business tycoon made a killing in the gas exploration project.

အဲဒီ စီးပွားရေးလုပ်ငန်းရှင်ကြီးက သဘာဝဓါတ်ငွေ့ရှာဖွေရေး စီမံကိန်းကြီးမှာ အပွကြီးပွလိုက်တယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးက စောစောက make a killing နဲ့ တကမ္ဘာဆီခြားတယ်လို့ ဆိုရမယ့် အီဒီယံအသုံးအနှုန်းဖြစ်တဲ့ make both ends meet ဖြစ်ပါတယ်။ Make = ပြုလုပ်သည်, Both = နှစ်ဖက်စလုံး, Ends = noun နာမ်အဖြစ်အသုံးပြုထားပြီး အဆုံးနေရာတွေအဖြစ် သာမန်အားဖြင့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ ကိုယ့်ရဲ့ ဝင်ငွေ၊ ကိုယ့်ရဲ့  အသုံးစရိတ်ကို ရည်ညွှန်းတာဖြစ်ပါတယ်,  Meet = တွေ့ဆုံသည်၊ ကိုက်နေသည် ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်က အဆုံးနှစ်ဖက်ကိုက်ညီအောင် လုပ်ဆောင်သည်။ ဒါမှမဟုတ် ကိုယ့်ရဲ့ ဝင်ငွေ အသုံးစရိတ် ကိုက်ရအောင်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အဆုံးနှစ်ဖက်ဖြစ်တဲ့ ဝင်ငွေ နဲ့ ထွက်ငွေကို မျှအောင်လုပ်တာ၊ ကိုယ့်ရတာလေးနဲ့ လောက်အောင်စားတာကို ဆိုလိုပါတယ်။ ကျမတို့မြန်မာမှာတော့ တနေ့လုပ်မှ တနေ့စားရသလို မိသားစုဝင်ငွေ လောက်ငအောင် ခြိုးခြံချွေတာတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The taxi driver is trying hard to make both ends and meet for his family, so he cannot miss a day of work.

တက္ကစီကားမောင်းသမားက သူ့မိသားစု ဝမ်းရေးဖူလုံဖို့အတွက် မနည်းကြိုးစားချွေတာနေရတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ တနေ့မှ အလုပ်ပျက်ခံလို့ မရဘူး။

အခုဆက်လက် တင်ပြပေးမယ့် အီဒီယံအသုံးကတော့ to be paid peanuts ဖြစ်ပါတယ်။ To be ကို Pay စကားလုံးမှ ဆင်းသက်လာတဲ့ past tense အတိတ်ကိုပြတဲ့ paid နဲ့တွဲပြီး to be paid က လက်ခံရရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Peanuts က မြေပဲတွေ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မြေပဲတွေကို လက်ခံရရှိတယ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ် ရတာကလည်း မြေပဲတွေဆိုတော့ သိပ်တန်းဖိုးမရှိဘူး ဖြစ်ပါတယ်။ ဒါကြောင့် to be paid peanuts က ကျမတို့မြန်မာမှာ နှစ်ပြားတပဲ တင်စားပြောဆိုတာကို ဆိုလိုပါတယ်။ တနည်းတော့ မဖြစ်စလောက် သိပ်ကိုနည်းပြီးရတာ၊ မတန်တဆနည်းလွန်တာကို ဆိုလိုပါတယ်။ အထူးသဖြင့် လစာရတဲ့နေရာမှာ နည်းလွန်တာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary has a Bachelor degree, but she is paid peanuts for her job. Her salary is very low.

Mary ဟာ ဘွဲ့ရတဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အလုပ်ကို သူကိုပေးတာ သိပ်ကိုနည်းလှတယ်။ သူ့လစာကလည်း အရမ်းနည်းတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on a shoe string ဖြစ်ပါတယ်။ On = အပေါ်မှာ,  A = တခု, Shoe = ဖိနပ်၊ String = ကြိုး တို့ဖြစ်ပြီး shoe string က ဖိနပ်ကြိုး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်က ဖိနပ်ကြိုးပေါ်မှာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ၁၉၀၄ ခုနှစ်က shoe string gambler အသုံးကလို့ ဆိုပါတယ်။ Gambler က လောင်းကစားသူ ဖြစ်ပါတယ်။ ဒီလောင်းကစားသူဟာ ဖိနပ်ကြိုးသာသာလောက်ပဲ လောင်းကြေးတတ်နိုင်တာကို ဆိုလိုပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ သိပ်ကိုခြိုးခြံချွေတာ နေရတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

During my college days, I was living on a shoe string budget.

ကျနော် ကောလိပ်ကျောင်းသားဘဝတုန်းကဆိုရင် ကျနော့်အသုံးစရိတ်က သိပ်ကိုချွေတာပြီး နေရတယ်။

 
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

0 comments:

Post a Comment