ဒီသတင်းပတ် eyes ကို အခြေခံပြီး တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ catch one’s eye, set eyes on, see eye to eye နဲ့ keep an eye on တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး အီဒီယံအသုံးအနှုန်းမှာ catch one’s eye ဖြစ်ပါတယ်။ Catch = ဖမ်းသည်၊ အမိအရ ဖြစ်စေသည်, One’s = တဦးတယောက်၏, Eye = မျက်စိ၊ မျက်လုံး ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်၏ မျက်စိကို ဖမ်းသည် ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံအဓိပ္ပါယ်က လူတဦးတယောက်ကို သတိထားမိအောင် ပြုလုပ်တာ၊သူ့ရဲ့  အာရုံကို ရစေတာ၊ ဂရုစိုက်အောင် ပြုလုပ်တာ၊ မျက်စိကျစေတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Out of the many guests attending the event, Mary caught John’s eyes as she was wearing a bright red dress.

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဧည်သည်အများကြီးအနက် Mary ကို John သတိထားမိလိုက်တယ်။ သူမက အနီရောင်တောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားတယ်။
ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးက set eyes on ဖြစ်ပါတယ်။ Set = ဝေါဟာရ အဓိပ္ပါယ်ကို အပေါ်မှာလို့ အဓိပ္ပါယ်ရတဲ့ on နဲ့တွဲပြီး set on က တခုခုပေါ်မှာ နေရာယူထားတာ၊ နေရာချထားတာ ဖြစ်ပါတယ်။ Eyes = မျက်စိ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မျက်စိကို တနေရာရာမှာ ချထားတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ မျက်စိက ပထမဦးဆုံး သွားမြင်တာ၊ မြင်ကွင်းထဲကို ရောက်လာတာ၊ မြင်မြင်ချင်း ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I knew when I set my eyes on her that she will be the person I’m going to marry.

ကျနော် သူကိုမြင်မြင်ချင်းပဲ သိလိုက်တာက သူဟာ ကျနော် လက်ထပ်မယ့်လူ (အမျိုးသမီး) ဆိုတာပါ။
အခုဆက်လက် တင်ပြပေးမှာက see eye to eye ဖြစ်ပါတယ်။ See = မြင်သည်၊ Eye = မျက်စိ၊ To = သို့ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦး မျက်စိကနေ နောက်တဦး မျက်စိကို မြင်သည် ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က သူမြင်သလို ကိုယ်လည်းမြင်တာ၊ သဘောချင်း တိုက်ဆိုင်တာ၊ အမြင်ချင်း တူညီတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
My brother and I see eye to eye on politics. We both support the same political party.

ကျနော်နဲ့ ကျနော့်ညီတို့ နိုင်ငံရေးမှာ အမြင်ချင်း တူကြတယ်။ နိုင်ငံရေးပါတီတခုတည်းကို ထောက်ခံအားပေးကြတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ keep an eye on ဖြစ်ပါတယ်။ Keep = တနေရာရာမှာ ထားသည်။ An = တခု၊  Eye = မျက်စိ၊ On = အပေါ်မှာ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မျက်စိကို တခုခုပေါ်မှာ အာရုံထားသည် ဖြစ်ပါတယ်။ အီဒီယံအသုံးကလည်း အလားတူလို့ ဆိုနိုင်ပါတယ်။ တခုခု နောက် လူတဦးဦးကို စောင့်ကြည့်နေတာ၊ မျက်ခြေမပျက် ကြည့်နေတာ၊ တခုခုအတွက် စိုးရိမ်လို့ ဂရုစိုက် ကြည့်နေတာကို ဆိုလိုပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I have to keep an eye on my father as he is 80 years old and has poor health.

ကျနော်က ကျနော့်အဖေကို ဂရုစိုက်ပြီး ကြည့်နေရတယ်။ သူက အသက် (၈၀) ရှိပြီ၊ ကျန်းမာရေးလည်း မကောင်းဘူး။