ဒီတပတ် ပုံသဏ္ဍာန်လို့ အဓိပ္ပါယ်ရတဲ့ shape ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ in bad shape ဖြစ်ပါတယ်။ In = အထဲမှာ ရှိနေသည်၊ ဖြစ်နေသည်။ Bad = ဆိုးသော။ Shape = ပုံပန်းသဏ္ဍာန်၊ ပုံစံ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဆိုးနေတဲ့ ပုံစံ သို့မဟုတ် ပုံပန်းသဏ္ဍာန် တို့ ဖြစ်ပါတယ်။ လူတဦးအနေနဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းလှဘူး၊ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်။ လူပုံပန်းကြည့်ရတာ သိပ်မဟန်၊ ပုံပျက်ပန်းပျက် ဖြစ်နေရင် ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
John is in a real bad shape. He is a hundred pound over weight. So, he needs to exercise and watch his diet.

John ကတော့ တကယ့်ကိုပဲ ပုံပျက်ပန်းပျက် ဖြစ်နေပြီ။ သူက ရှိသင့်ထားတာထက် အလေးချိန် ပေါင်တရာကျော် လေးနေတယ်။ သူ လေ့ကျင့်ခန်းယူပြီး နေ့စဉ်စားနေတဲ့ အစားအစာကိုလည်း ဆင်ဆင်ခြင်ခြင် ကြည့်ပြီးစားသင့်နေပြီ။
In bad shape ကို သက်ရှိနဲ့သာမက စီးပွားရေး၊ နိုင်ငံရေး စတဲ့ အခြေအနေတွေနဲ့လည်း တွဲပြီး သုံးစွဲနိုင်ပါတယ်။ စီးပွားရေး အခြေအနေ မဟန်ဘူးဆိုရင် စီးပွားရေးက in bad shape ပေါ့။ In bad shape က အခြေအနေမဟန်တာဆိုရင်၊ အခြေအနေကောင်းတယ်၊ ဟန်တယ်ဆိုရင် ဘယ်လို အီဒီယံကို သုံးစွဲပြောဆိုမလဲ။
In good shape ဆိုတဲ့ အီဒီယံနဲ့ ပြောဆိုနိုင်ပါတယ်။ In = အထဲမှာ ရှိနေသည်။ Good = ကောင်းသော။ Shape = ပုံပန်းသဏ္ဍာန် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကောင်းသော ပုံပန်းသဏ္ဍာန် ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကလည်း ဆင်တူပါတယ်။ အခြေအနေဟန်တယ်၊ ကောင်းတယ်။ လူဆိုရင်လည်း ကြည့်ရမြင်ရတာ ကျန်းမာနေတယ်။ ကြည့်လို့ရှုလို့ကောင်းတယ်ဆိုရင် ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ အိုကေ (okay) စိုပြေ ပြနေတာပေါ့။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
Joe is sixty years old, but he is in good shape as he exercises it regularly and watch it what he eats.

Joe တယောက် အသက် ခြောက်ဆယ် ရှိနေပြီ။ ဒါပေမဲ့လို့ သူက သန်သန်မာမာပါပဲ။ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။ သူစားတဲ့ အစားအစာကိုလည်း ဂရုစိုက် ကြည့်စားတယ်။
နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ out of shape ဖြစ်ပါတယ်။ Out = အပြင်ဖက်ကို of (proposition) နဲ့ တွဲသုံးထားတဲ့ out of က အပြင်ကိုရောက်နေတယ် ဖြစ်ပြီး၊ Shape = ပုံပန်းသဏ္ဍာန် ကဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပုံပန်းသဏ္ဍာန် အပြင်ရောက်နေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လူဆိုရင် ရှိသင့်တဲ့ ပုံပန်းသဏ္ဍာန်အတိုင်း မရှိတာ၊ ပုံပျက်နေတာ၊ အဝလွန်တာ၊ ကျန်းမာရေးအရဆိုရင်လည်း ကိုယ့်အသက်အရွယ်နဲ့ ကျန်းမာရေး ကောင်းသင့်သလောက် မကောင်းတာ၊ အခြေအနေ မဟန်တာမျိုးကို ဆိုလိုပါတယ်။ စောစောက တင်ပြပေးခဲ့တဲ့ in bad shape အသုံးအနှုန်းနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ကျမတို့တတွေ အသက်တွေရလာပြီဆိုရင် ပြောလေ့ရှိတာကတော့ လှေကားထစ်တွေ မတက်နိုင်တော့ဘူး။ တက်ပြီးလို့ အပေါ်ရောက်ချိန်မှာ ဟောဟဲဟောဟဲနဲ့ မောနေတာပဲ။ အရင်ကလို မလုပ်နိုင်တော့ဘူးဆိုရင် I am out of shape လို့ ပြောဆိုနိုင်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
Although John is still young, he seems out of shape. He cannot run very fast.

John က အသက်ငယ်သေးပေမယ့် သူက ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ သူရှိသင့်တဲ့ ကျန်းမာရေးနဲ့ မညီတော့ဘူး။ သူ မြန်မြန် မပြေးနိုင်တော့ဘူး။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ back into shape ဖြစ်ပါတယ်။ Back = ပြန်ဖြစ်သည်။ Into = အထဲသို့ ဖြစ်ပြီး back ကို ဝိဘတ် (proposition) into နဲ့ တွဲသုံးတဲ့အခါ နေရာရင်းကို ပြန်ရောက်သည် နဲ့ Shape = ပုံပန်းသဏ္ဍာန် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မူရင်း ပုံပန်းသဏ္ဍာန်ကို ပြန်ရောက်တယ့်သဘော ဖြစ်ပါတယ်။ ဒီနေရာမှာလည်း အီဒီယံအဓိပ္ပါယ်က တိုက်ရိုက်အဓိပ္ပါယ်နဲ့ သိပ်မကွာလှပါဘူး။ ကျန်းမာရေး ပြန်ကောင်းလာတာ၊ အခြေအနေ ပြန်ဟန်ကျလာတာ။ လူပုံပန်းသဏ္ဍာန်ဆိုရင်လည်း ပြန်ပြီး ကြည့်လို့ကောင်းလာတာမျိုး၊ အချိုးကျတာမျိုးကို ဆိုလိုပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
If you want to play on our football team, you have to first get yourself back into shape. You need to lose at least ten pounds.

ခင်များ ဘောလုံးအသင်းမှာ ဝင်ပြီး ကစားချင်တယ်ဆိုရင်တော့ ပထမဦးဆုံး ခင်များ ကျန်းမာရေးပြန်ကောင်းအောင်လုပ်ဖို့ လိုတယ်။ ကိုယ်အလေးချိန် ပေါင် အနည်းဆုံး ဆယ်ပေါင်း ချဖို့ လိုတယ်။