Sunday 22 April 2012

ကော်မာကလေး အထင်မသေးနဲ့(The Humble Comma)

ကျွန်တော် ယူကေမှာ ကျောင်းနေတုန်းကတည်းက ကော်မာသုံးပုံသုံးနည်း စည်းမျဉ်းတွေကို ဆရာဆရာမ တွေက ခေါင်းထဲ ရိုက်သွင်းပေးထားပါတယ်။ မှားတဲ့အခါ ပေတံနဲ့ အရိုက်ခံရလို့ စည်းမျဉ်းတွေကို ကောင်းကောင်း အမှတ်ရနေပါတယ်။

ဒါပေမယ့် အင်္ဂလိပ်ဘာသာစကား အခြားစည်းမျဉ်းတွေလိုပါဘဲ၊ အသက်ကြီးလာလေ၊ခြွင်း ချက်တွေကို ပိုပြီး များများ သိလာလေပါဘဲ။ ဒါကြောင့် အခုတော့ ကျွန်တော် စည်းမျဉ်းရိုးရိုးလေး တစ်ခုကိုဘဲ အားထားပြီး သုံးပါတော့တယ်။ အဖြတ်အတောက်မှန်မှန် သဘာဝကျကျ စကားပြောတဲ့အခါ ခေတ္တနားလို့ရတဲ့ နေရာဟာ ကော်မာထည့်ရမယ့် နေရာလို့ သတ်မှတ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်ကကျွန်တော် Roslyn Petelin နဲ့ Marsha Durham ရေးတဲ့ The Professional Writing Guide စာအုပ်ကို ဖတ်မိတယ်။ ၁၉၉၂ခုနှစ်မှာ Woodslane Pty Limited က ထုတ်တဲ့စာအုပ် ဖြစ်ပါတယ်။ အဲဒီတော့မှဘဲ ကျွန်တော့်ရဲ့ စည်းမျဉ်းရိုးရိုးကလေးဟာ အမှားမကင်းဘူးလို့ သဘောပေါက် မိပါတယ်။

အဲဒီစည်းမျဉ်းကို သုံးလိုက်ရင် ရှုပ်ထွေးမှုဖြစ်စေနိုင်တဲ့ ဥပမာအချို့ကို စာရေးသူများက ဖော်ပြထားပါတယ်။

  • His innate grasp of finance, found him writing for the financial page.
  • A serious attempt on the part of management to remedy the state of affairs, demonstrates how importantly this is regarded by them.

ပထမဝါကျကို မြန်မာပြန်ရင် သူဟာ ဘဏ္ဍာရေးကို ခရာစေ့တွင်းကျ နားလည်သဘောပေါက်တဲ့အတွက် ဘဏ္ဍာရေးကဏ္ဍ ဆောင်းပါးတွေ ရေးတယ် လို့ ပြန်ဆိုနိုင်ပါတယ်။

ဒုတိယဝါကျကိုတော့ အခြေအနေကို ကုစားဖို့ စီမံခန့်ခွဲရေးအပိုင်းက အလေးအနက် ကြိုးစားတာကို ကြည့်ခြင်းဖြင့် ဒါကို ဘယ်လောက် အရေးကြီးတယ်လို့ သဘောထားတယ်ဆိုတာ သိနိုင်တယ် လို့ ပြန်ဆိုနိုင်ပါတယ်။

အဲဒီဝါကျနှစ်ကြောင်းစလုံးမှာ ကော်မာထည့်ထားတဲ့နေရာဟာ အဖြတ်အတောက်မှန်မှန် သဘာဝကျကျ စကားပြောတဲ့အခါ ခေတ္တနားလို့ရတဲ့ နေရာမှန်ပေမယ်လို့ ကော်မာထည့်လိုက်တဲ့အတွက် အဓိပ္ပာယ် ပြတ်တောက်သွားတာကို သတိပြုပါ။

ဝါကျရဲ့ နိဒါန်းသွယ်တဲ့အပိုင်းနဲ့ အဓိကအပိုင်း ခွဲခြားဖို့ ကော်မာသုံးနိုင်တယ်လို့ စာရေးသူများက ရှင်းလင်းဖော်ပြထားတာကလည်း အကျိုးသင့်အကြောင်းသင့် ရှိပါတယ်။ ဥပမာ - If you have any questions, please contact us. (မေးစရာရှိလျှင် ဆက်သွယ်ပါ။)

ဒီဝါကျကို အသံထွက်ပြောတဲ့အခါ အဖြတ်အတောက် မထားဘဲ ပြောမိဖို့ များပါတယ်။ ဒါပေမယ့် ဝါကျ ဖွဲ့စည်းပုံမှာ အပိုင်းနှစ်ပိုင်း သိသိသာသာ ကွဲနေတဲ့အတွက် ကော်မာသုံးတာ အကြောင်း ခိုင်လုံပါတယ်။

စာရေးသူ Petelin နဲ့ Durham တို့က နောက် ဥပမာကောင်းကောင်းလေးတစ်ခု ပေးထားပါသေးတယ်။ ရှင်းလင်းချက် မူရင်းစာသားကို ဦးစွာ ဖော်ပြပြီး မြန်မာဘာသာ ပြန်ဆိုထားပါတယ်။

Similarly in the sentence “Remember, the test is free!” placing a comma after “Remember” prevents your reader from reading your sentence as if it were structured the same way as “Remember the Alamo!”.

အလားတူ “Remember, the test is free!” (စာမေးပွဲကြေးပေးရန်မလိုကြောင်း မမေ့ပါနှင့်) ဟူသော ဝါကျတွင် “Remember” (မမေ့ပါနှင့်) နောက်မှာ ကော်မာထည့်ခြင်းဖြင် “Remember the Alamo!” (Alamo ကို မမေ့ပါနှင့်) ဟူသော ဝါကျမျိုးနှင့် မတူကြောင်း စာဖတ်သူ သိစေရန် ရှင်းလင်းစွာ ဖော်ပြနိုင် ပါသည်။

ကော်မာကို သုံးလေ့သုံးထရှိတဲ့ အခြားနည်းလမ်းတွေအနက် အတွေ့ရများတဲ့ သုံးစွဲပုံတစ်မျိုးကတော့ စာရင်း တစ်ခုမှာပါတဲ့ အကြောင်းအရာတစ်ခုစီရဲ့နောက်မှာ အပိုင်းအခြားအနေနှင့် သုံးခြင်းဖြစ်ပါတယ်။

The main companies in the survey were Microsoft, Dell, IBM and Apple. (စစ်တမ်းကောက်ယူရာတွင် အဓိကပါဝင်သော ကုမ္ပဏီများမှာ မိုက်ခရိုဆော့ဖ်၊ ဒဲလ်၊ အိုင်ဘီအမ် နှင့် အက်ပဲလ် တို့ဖြစ်ပါသည်။)

အမေရိကန်အသုံးအနှုန်းမှာတော့ and ရှေ့မှာလည်း ကော်မာထည့်လေ့ရှိတယ်။ The main companies in the survey were Microsoft, Dell, IBM, and Apple.

ကော်မာကို ဒီလိုသုံးတာကို စာရင်းပြကော်မာ serial comma လို့ ခေါ်ပါတယ်။ အသုံးအနှုန်းပိုင်း သဘောကွဲလွဲနေကြပါတယ်။ အခမဲ့စွယ်စုံကျမ်း wikipedia မှာ ကော်မာကို and ရှေ့မှာ ထည့်သင့် မထည့်သင့် အခြေအတင် ဆွေးနွေးထားတာ စကားလုံးရေ ၂ဝဝဝ လောက်ရှိတာကို တွေ့ရပါတယ်။ (အင်တာနက်လိပ်စာ http://en.wikipedia.org/wiki/serial_comma)

သင့်တော်တဲ့ စကားအသုံးအနှုန်းကို ဖော်ပြရာမှာ စံချိန်မီတဲ့ ဂါဒီးယန်းသတင်းစာရဲ့ သတင်းစာတိုက် အသုံးအနှုန်းလက်စွဲစာအုပ်မှာ အခုလိုဖော်ပြထားပါတယ်။

a comma before the final “and” in lists: straightforward ones (he ate ham, eggs and chips) do not need one, but sometimes it can help the reader (he ate cereal, kippers, bacon, eggs, toast and marmalade, and tea)

စာရင်းပြုလုပ်ဖော်ပြရာတွင် နောက်ဆုံး “and” ၏ ရှေ့၌ ကော်မာသုံးစွဲခြင်း - ရိုးရှင်းသော စာရင်းဖြစ်လျှင် “and” ၏ ရှေ့၌ ကော်မာထည့်ရန် မလိုအပ်ပါ။ (he ate ham, eggs and chips (သူသည် ဝက်ပေါင်ခြောက်၊ ကြက်ဥနှင့် အာလူးကြော် စားခဲ့သည်) ဟု သုံးစွဲနိုင်ပါသည်။) သို့ရာတွင် တစ်ခါတစ်ရံ ကော်မာထည့်လျှင် စာရှုသူအတွက် ပိုမိုရှင်းလင်းသည်။ (he ate cereal, kippers, bacon, eggs, toast and marmalade, and tea သူ စားခဲ့သောက်ခဲ့သည်များမှာ ဆီရီယယ်၊ ဘေကွန်၊ ကြက်ဥများ၊ ပေါင်မုန့်မီးကင်နှင့် ယို၊ လက်ဖက်ရည် တို့ဖြစ်သည်။)
ကော်မာ ပါခြင်း မပါခြင်းကြောင့် အရေးကြီးသော အဓိပ္ပါယ်အပြောင်းအလဲများလည်း ဖြစ်နိုင်ပါသည်။

I dedicate this article to my parents, David Beckham and Julia Roberts. (ဤဆောင်းပါးကို စာရေးသူ၏ မိဘများ၊ ဒေးဗစ်ဘက်ကမ် နှင့် ဂျူလီယာရောဘတ်စ် တို့အတွက် ရည်စူးပါသည်။ သို့မဟုတ် ဤဆောင်းပါးကို စာရေးသူ၏ မိဘများဖြစ်သော ဒေးဗစ်ဘက်ကမ် နှင့် ဂျူလီယာရောဘတ်စ် တို့အတွက် ရည်စူးပါသည်။)

I dedicate this article to my parents, David Beckham, and Julia Roberts. (ဤဆောင်းပါးကို စာရေးသူ၏ မိဘများ၊ ဒေးဗစ်ဘက်ကမ်၊ ဂျူလီယာရောဘတ်စ် တို့အတွက် ရည်စူးပါသည်။)

မည်သည့်အသုံးအနှုန်းက မှန်သည်ကို စာဖတ်သူကပင် ဆုံးဖြတ်စေလိုပါသည်။

(Guy Perring ၏ The Humble Comma အားဆီလျော်သလိုဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

By Myanmar Network

0 comments:

Post a Comment