Sunday 22 April 2012

ဝေါဟာရကြွယ်ဝစေဖို့ (Expanding Your Vocabulary)

ဘာသာစကားသင်ယူဆဲမည်သူမဆို ရင်ဆိုင်ရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုကတော့ ဝေါဟာရတွေကို သင်ယူဖို့နဲ့ မှတ်မိဖို့ဘဲဖြစ်ပါတယ်။ လူတစ်ဦးချင်း သင်ယူမှု ဟန်တွေ မတူညီတဲ့အတွက် သူ့အတွက် အဆင်ပြေတဲ့ နည်းလမ်းပေမယ့် ကိုယ့်အတွက် အဆင်မပြေဘဲ ဖြစ်တတ်ပါတယ်။ စကားလုံး ဒါမှမဟုတ် စကားစုကို မြင်ရမှ မှတ်မိလွယ်တဲ့သူ ရှိသလို အသံထွက်ပြောတာကို ကြားရမှ၊ ချရေးလိုက်ရမှ မှတ်မိလွယ်တဲ့ သူတွေလည်း ရှိတယ်။ ဝေါဟာရတွေ မသိဘဲ ဆက်သွယ်ပြောဆိုဖို့ မဖြစ်နိုင်တဲ့အတွက် မည်သူမဆို ဝေါဟာရပြဿနာကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဘာတွေ သင်ယူဖို့ လိုသလဲ။

ဘာသာရပ်အကြောင်းအရာ
  • အင်္ဂလိပ်ဘာသာစကားကို အသုံးပြုတဲ့ ဆက်စပ်အခြေအနေကို စဉ်းစားပါ။ ရုပ်ရှင်တွေ၊ ဈေးဝယ်တဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို သင်ရတာ စိတ်ပါဝင်စား စရာ ကောင်းတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် လက်ငင်း လိုအပ်ချက်တွေကိုလည်း မေ့မထားပါနဲ့။
  • ခရီးသွားလုပ်ငန်း ဒါမှမဟုတ် မားကက်တင်း အလုပ်ကို လုပ်ဖို့ ရည်မှန်းထားရင် ကိုယ်လုပ်မယ့် အလုပ်အကိုင်ပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဝေါဟာရအမျိုးအစားတွေကို သင်ယူရပါမယ်။
  • စာမေးပွဲဖြေမယ်ဆိုရင် မသိမတတ်လို့ မဖြစ်တဲ့ ဝေါဟာရတွေ ရှိပါတယ်။

အသံထွက်
  • စာလုံးကို မဖတ်ခင် နားထောင်ကြည့်လို့ရမယ်ဆိုရင် နားထောင်ကြည့်ပါ။ အသံထွက်နဲ့ စာလုံးပေါင်း မတူတာတွေ ရှိတယ်။ စကားလုံးအသစ်တွေရဲ့ အသံထွက်ကို အလွယ်တကူ လေ့လာနိုင်ဖို့ ဖိုနက်တစ် phonetic ခေါ်တဲ့ အသံထွက်သင်္ကေတ ဇယားကို သုံးတတ်အောင် လေ့လာထားပါ။
  • အဘိဓာန်ကို သုံးလို့ရတဲ့ နည်းလမ်းအမျိုးမျိုး စုံလင်အောင် သင်ထားပါ။

စာလုံးပေါင်း
  • အသုံးများတဲ့ စာလုံးပေါင်းနည်း စည်းမျဉ်းတွေကို လေ့လာထားပါ။ ဥပမာ ‘ei’ မဟုတ်ဘူး၊ ‘ie’ ဖြစ်ရမယ်။ ‘c’ ရဲ့ နောက်မှာ ဆိုရင်တော့ ‘ei’ ဖြစ်နိုင်တယ်။ ‘y’ နဲ့ ဆုံးတဲ့ စာလုံးကို ‘s’ ထည့်ချင်ရင် ‘y’ ကို ‘i’ ပြောင်းပြီးမှ ‘es’ ထည့်ရမယ်။ စည်းမျဉ်းတွေမှာခြွင်းချက်တွေ ရှိတယ်။ ဒါပေမယ့် သင်ခါစမှာ သိထားတာကောင်းတယ်။
  • ‘tion’ လို၊ ‘ment’ လို နောက်ဆက်တွေကို လေ့လာထားပါ။ စာလုံးပေါင်းမှတ်လို့လွယ်တယ်။ စကားလုံးသစ်တွေကို အဓိပ္ပါယ် စဉ်းစားယူလို့ ရတယ်။
  • လိုအပ်ချက်ပေါ် မူတည်ပြီး အမေရိကန်စာလုံးပေါင်း ဒါမှမဟုတ် ဗြိတိသျှစာလုံးပေါင်းကို လေ့လာပါ။ ကွာခြားချက်တွေကိုလည်း သိထားရမယ်။
စကားလုံး၏ အင်အားနဲ့ ဆက်စပ် စကားလုံးများ
  • စကားလုံးရဲ့ အင်အားကို လေ့လာထားပါ။ ‘big’ ဆိုတဲ့ စကားလုံးကို လေ့လာမယ်ဆိုရင် ‘huge’ လိုမျိုး ဆက်စပ် စကားလုံးတွေကိုပါ သိအောင်လုပ်ပါ။ ဒါမှ ထိထိရောက်ရောက် သုံးတတ်မယ်၊ တစ်ချိန်တည်းမှာဘဲ ဝေါဟာရလည်းကြွဃ်လာမယ်။

ဆန့်ကျင်ဘက် စကားလုံးများ
  • စကားလုံးရဲ့ ဆန့်ကျင်ဘက်ကို သိရင် ဝေါဟာရကြွဃ်လာတယ်၊ ဝေါဟာရကြောင့် ဖြစ်တဲ့ ကန့်သတ်ချက် နည်းလာမယ်။ စကားလုံးအသစ်တစ်လုံးကို တွေ့ရင် စပ်စုပါ၊ ဆန့်ကျင်ဖက် တွေကိုပါ သိအောင် စနစ်တကျ လေ့လာပါ။
စကားလုံးအမျိုးအစား
  • စကားလုံးတစ်လုံးကို သင်ယူတဲ့အခါ နာမ် noun လား၊ ကြိယာ verb လား၊ နာမ၀ိသေသန adjective လား၊ ကြိယာဝိသေသန adverb လား သိအောင် လုပ်ပါ။ ၀ါကျဖွဲ့တဲ့အခါ နေရာမှန်အောင် ထားတတ်ဖို့ အထောက်အကူပြုလိမ့်မယ်။
ဝေါဟာရကြွဃ်အောင် လေ့လာနည်း

ရှေ့နောက်စကားအဆက်အစပ်ကို မှတ်ပါ။
  • စကားလုံးတစ်လုံးတည်း သူ့အတိုင်းဆိုရင် ပြောချင်တာကို ပြောနိုင်ဖို့ မလွယ်ဘူး။ စကားလုံး အသစ်တွေ့တိုင်း ၀ါကျဖွဲ့ကြည့်ပါ။
  • စကားလုံးတွေကို အစုလိုက် သင်ယူပါ။ စကားစုတွေနဲ့ စကားပြောရတာဆိုတော့ သင်ယူတဲ့ အခါမှာလည်း စကားစုတွေနဲ့ဘဲ သင်ပါ။
  • အသံသွင်းထားပါ။
  • မြန်မာလို အဓိပ္ပာယ်ကို အသံသွင်း၊ ပြီးရင် ၃-၄ စက္ကန့်လောက် ရပ်၊ ပြီးရင် အင်္ဂလိပ်စကားလုံးကို အသံသွင်း၊ အားလုံးပြီးတဲ့အခါ ပြန်နားထောင်။ ကွက်လပ်အချိန်မှာ အင်္ဂလိပ်စကားလုံးကို မှန်မှန်ကန်ကန် ပြန်ပြောနိုင်အောင် လေ့ကျင့်။

နဲနဲစီ ခွဲပြီး မှတ်ပါ။
  • နေ့တိုင်း စကားလုံးအသစ် တစ်လုံး သင်ယူပါ။ 'သိပြီးသား' စကားလုံးတွေကိုလည်း ပြန်ကြည့်ပြီး ပြန်နွှေးပေးပါ။
  • တစ်ပတ်ကို ဘာသာရပ်တစ်ခု သတ်မှတ်ပြီး ဝေါဟာရတွေကို ကြောင်းကျိုးဆက်စပ်ပြီး တည်ဆောက်ယူပါ။
  • ရသမျှ အချိန်အတွင်း စကားလုံး ဘယ်နှစ်လုံး သင်ယူနိုင်မလဲ၊ ဖြစ်နိုင်သလောက်ကိုသာ သင်ယူပါ။
  • မှတ်ရင်းမေ့ရင်း မဖြစ်စေဖို့
  • ဝေါဟာရကြွဃ်ဝအောင် တည်ဆောက်ရာမှာ အသစ်တွေချည်း ထိတွေ့ပြီး မှတ်သားနေရုံနဲ့ မပြီးဘဲ မှတ်အားကောင်းဖို့လည်း လုပ်ရတယ်။
  • ကိုယ်ပိုင် အဘိဓာန်လေး ပြုစုထားပါ။ အမြင်အာရုံနဲ့ သင်ယူရတာကို အားသန်ရင် nouns တွေကို ပုံဆွဲပြီး မှတ်ပါ။
  • စကားလုံးတွေကို ကော်ပါတဲ့ မှတ်စုစာရွက်ကလေးတွေပေါ်မှာ ရေးပြီး အိမ်မှာ ကပ်ထားပါ။
  • စကားလုံးအသစ်တွေကို တွေ့တဲ့အခါ သုံးလေးခါ ပြန်ကြည့်ပါ။ အမြန်ဆုံး ပြန်သုံးကြည့်ပါ။ စကားလုံးတစ်လုံးကို တစ်ခါ ကြားရုံနဲ့တော့ တကယ်တမ်း တတ်ဦးမှာ မဟုတ်ဘူး။
( LearnEnglish Professionals website မှ Expanding Your Vocabulary အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

By Myanmar Network

0 comments:

Post a Comment