တစ်ခါတလေမှာ ကိုယ့်မိခင်ဗမာစကားကိုပြောနေရင်းနဲ့ ကိုယ်ပြောချင်တဲ့စကားလုံး ရှာမရတာမျိုးကြုံဖူးကြပါသလား။ “ဟိုလေ. . . အဲဒါ ဘယ်လိုခေါ်ပါလိမ့်... ကျွန်တော်ပြောချင်တာက ဟိုဒင်းလေ” စတဲ့ ဟိုဒင်း...တို့ ...ဟိုဟာ... တို့နဲ့ လိုရင်းကိုကွက်တိမရောက်နိုင်တဲ့အခါမျိုးမှာ စိတ်အလိုမကျ ဖြစ်ရတတ်ပါတယ်။ ဒါက ကိုယ့်မိခင်ဗမာစကား။
တခြား နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကား ပြော တဲ့အခါကျတော့ တစ်ခါတလေ မကတော့ဘဲ ခဏခဏဖြစ်နေတတ်တော့ စကားတစ်ခွန်းပြောဖို့အရေး စကားလုံးကို လည်းစဉ်းစားရသေး၊ ထွက်လာတဲ့စကားလုံးတွေကိုလည်း ၀ါကျပြန်စီရသေးဆိုတော့ စိတ်ပျက်အားငယ်ရ တတ်တာ လေ့လာကာစ စာသင်သားတို့ မလွဲမသွေ တွေ့ကြုံရတဲ့ ဒုက္ခတစ်ခုပါပဲ။ ဒီလိုနဲ့ စာသင်သက်ကြာ လာတော့ စကားလုံးတွေဟာ မိုးရေမိုးစက်များတစ်ပေါက်တစ်ပေါက်နဲ့ စဥ့်အိုးကြီး ပြည့်လာသလို တဖြည်းဖြည်း များလာတဲ့အခါကျမှ နည်းနည်းအဆင်ပြေလာပါတော့တယ်။ ဒါတောင်မှ နေ့စဉ်သာမန် ပြောဆိုနေကျတာမျိုးမှာအဆင်ပြေနိုင်ပေမယ့် မိန့်ခွန်းလို ဟောပြောပွဲလို နေရာမျိုးမှာ အင်္ဂလိပ်လို့ပြောရတဲ့ အခါမျိုးမှာ စကားလုံးတိုင်းသည် တစ်ဖက်သားရင်ကိုတိုက်ရိုက်ထိမှန်မည့် စကားလုံးမျိုးကို ရွေးချယ်သုံးနှုံးရတဲ့အခါမျိုးမှာ အခက်တွေ့နိုင်ပါတယ်။
ဘာသာစကားဆိုတာ လူသားတို့ရဲ့ အဓိက ဆက်သွယ်ရေးလက်နက်ဖြစ်တဲ့အတွက် ဉာဏ်ပညာကြီးမားတဲ့ လူသားတွေဟာ မိမိတို့ရဲ့လက်နက်ကို ထက်မြက်နိုင်သမျှထက်မြက်နေအောင်အားထုတ်တဲ့အနေနဲ့ စကားလုံးအသစ်တွေတီထွင်ကြ၊ တစ်ချို့စကားလုံးတွေကို ကျောခိုင်းပစ်ကြ၊ တစ်ချို့စကားလုံးတွေကို အဓိပ္ပါယ်ပြောင်း ပစ်ကြ၊ တိုးပစ်ကြနဲ့ မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ ကိုယ်က ဘာသာစကားတစ်ခုကို လေ့လာထားမိပြီ။ စထားမိပြီ ဆိုတော့ မဆုံးတမ်းဆက်လျောက်ရပေတော့မည်။ လေ့လာရပေတော့မည်။
ဝေါဟာရ ဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့်အောက်ပါအတိုင်းအုပ်စုခွဲကြည့်ကြပါစို့။
(၁) နေ့စဉ်ပြောဆိုဆက်သွယ်ရမည့် အခြေခံမသိမဖြစ်စကားလုံးများ
(၂) ကိုယ်တိုင်ပြောဆိုဖို့အကြောင်း နည်းသော်လည်း သူများပြောလျှင် နားလည်ရန်အတွက်သိထားရမည့်
စကားလုံးများ
(၃) ကိုယ်သိ၍ပြောသော်လည်း တခြားသူ နားလည်ရန်ခက်ခဲသည့် စကားလုံးများ
၎င်းအုပ်စုသုံးစုတွင် အမှတ်စဉ် တစ်အုပ်စုသည် မဖြစ်မနေလေ့လာထားရမည်၊ မကြာခဏ ပြန်လည်ကြည့်ရှုရ မည့်စကားလုံးအုပ်စုဖြစ်သည်။ အောက်စဖို့တက္ကသိုလ်အဘိဓါန်မှ ထုတ်ဝေသည့် Oxford 3000 words TM Keywords သည်စာသင်သားတို့ရည်ညွှန်းရန်ရှိသင့်သည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ စာသင်သားတို့အတွက် အသုံးအများဆုံးအင်္ဂလိပ်စကားလုံးပေါင်း ၃၀၀၀ ကို ပညာရှင်များက စနစ်တကျစုစည်းပေး ထားခြင်းဖြစ်သည်။ စာလုံးပေါင်းသုံးထောင်ဆို၍ လန့်မသွားပါနှင့်။ ဆယ်တန်းအောင်ပြီးသားကျောင်းသား တစ်ဦးသည် အနည်းဆုံးတော့ ၄င်းတို့ထဲမှ စာလုံး တစ်ထောင်ခန့် သိပြီးဖြစ်ပါလိမ့်မည်။ လေ့လာရမည် ဆိုရာတွင် စာတစ်အုပ်လုံးအလွတ်ကျက်မှတ်ခိုင်းခြင်းမဟုတ်ပါ။ လုပ်လည်းမလုပ်သင့်ပါ။ စာဖတ်ရင်း၊ သတင်းနားထောင်ရင်း စကားလုံးအသစ်တစ်လုံးတွေ့သည်ဆိုပါဆို့။ ၄င်းစာအုပ်ထဲတွင်ရှာလိုက်ပါ။ စာရင်းထဲတွင်ပါပါက အရှေ့ဖက် တွင်ကြယ်အမှတ်အသားဖြစ်စေ၊ highlighter သုံး၍ဖြစ်စေ မှတ်ထားပါ။ ၄င်းစကားလုံး၏အဓိပ္ပါယ်နှင့် အသုံးပြုပုံကို နမူနာဝါကျနှင့်တကွလေ့လာကြည့်ပါ။ နောက်တစ်ကြိမ်စာလုံးအသစ်တွေ့၍စာအုပ်လှန်ရ ချိန်တွင်အရင်မှတ်ထားခဲ့သည်များကို ခရီးသွားဟန်လွှဲပြန်ဖတ်ကြည့်ပါ။ မကြာခဏ မြင်လာတဲ့အခါ အလွတ် ရလာပါလိမ့်မည်။ မိမိစိတ်ထဲ ပိုင်ပိုင်နိုင်နိုင်ရသွားသည့်စကားလုံးများကို အမှန်ခြစ်ပြထားပါ။ သည်လိုနှင့် အချိန်အတိုင်းအတာတစ်ခုအတွင်း စာအုပ်တစ်အုပ်လုံး အမှန်ခြစ်များချည်းဖြစ်လာပါလိမ့်မည်။
စကားလုံးအသစ်တစ်လုံးတွေ့သည်ဆိုပါဆို့။ ပထမအုပ်စု Oxford 3000 words TM Keywords တွင်မပါသည့် စကားလုံးဆိုလျင်ကော။ ကိစ္စမရှိပါ။ ထိုစကားလုံးကို မိမိစိတ်ထဲတွင် အသာတေးထားလိုက်ပါ။ သင်သည် အင်္ဂလိပ်စာ လေ့လာလိုသူတစ်ယောက်ဖြစ်ပြီး စာအုပ်၊ စာစောင်၊ ဂျာနယ် များကိုဖတ်ရှုလေ့ရှိသူဖြစ်ပါက ထိုစကားလုံးကို မကြာခင် နှစ်ခါ၊ သုံးခါ ထပ်တွေ့ပါလိမ့်မည်။ ထိုသို့တွေ့ပါက ၄င်းစကားလုံးသည် ဒုတိယအုပ်စုထဲတွင် ပါနေချေပြီ။ သင်၏ကိုယ်ပိုင် ဝေါဟာရမှတ်စုစာအုပ်တစ်အုပ်အတွင်း ရေးချမှတ်သား ထားလိုက်ပါ။ စကားလုံးတစ်လုံးကိုမှတ်သားရာတွင် အောက်ပါတို့ကိုပါ တပါတည်းတွဲဖက်မှတ်သားရပါမည်။

- Pronunciation
- Stress (စကားလုံးတစ်လုံးသည် တစ်သံထက်ပိုပါက မည်သည့်အသံတွင် ပို၍အားစိုက်ရွတ်ရသည် ကိုပြသောအရာ)
- Grammatical Function (N, V, Adj စသည်)
- Definition အဓိပ္ပါယ်မူရင်းအဓိပ္ပါယ်
- Collocation (သူနှင့်တွဲသုံးသည့်စကားလုံးများ)
- Example Sentence (နမူနာဝါကျ)
၎င်းတို့ကိုသိရှိထားပါမှ ကိုယ်ပြန်လည်အသုံးချနိုင်သည့် ကိုယ်ပိုင်ဝေါဟာရအဖြစ်သို့ရောက်ပါမည်။
တတိယအုပ်စုကတော့ရှင်းပါသည်။ မိမိပဲသိပြီး သူများတွေအများစုမသိသည့်စကားလုံးများ။ ဒါကလည်းဖြစ် တတ်ပါသည်။ တစ်ချို့ကအဘိဓါန်စာအုပ်ကြီးတွေထဲကရှာပြီး စကားလုံးကြီးကြီးတွေနှင့် လူရှေ့သူရှေ့ ဟိတ် ဟန်ပြချင်ကြသည်။ ကိုယ်ပြောသမျှ ရေးသမျှသည် သူတပါးနားမလည်ပါက ဘာများအဓိပ္ပါယ်ရှိပါမည်နည်း။ ဒီလိုစကားလုံးတွေက စာကြီးပေကြီးတွေထဲမှာပါတတ်သည်။ သူ့နေရာနှင့်သူသုံးလျှင်တော့ရသမြောက်၏။ သို့ရာတွင်ဂန္တ၀င်စာထဲကစကားလုံးကို နေ့စဉ်အပြောစကားမှာသုံးလိုက်ပါက ဆင်ချည်သောကြိုးနှင့်ကြက်ကို ချည်သလိုဖြစ်နေချေမည်။ ထိုစကားလုံးမျိုးကိုတော့ နောက်ဆုံးဦးစားပေးမှာထားရပေမည်။
ဤသည်က ဘာကိုလေ့လာမည်ဆိုသည့် ပထမပိုင်းဖြစ်သည်။

ဒုတိယပိုင်းတွင်တော့ဘယ်လိုလေ့လာမည်ဆိုသည့် ဝေါဟာရလေ့လာရာမှာ အသုံးဝင်မည့်နည်းလမ်းများ ရှာဖွေတင်ပြထားခြင်းဖြစ်ပါသည်။
Make it Personal ကိုယ်ပိုင်မှတ်စုထားပါ။
Spoon Feeding method နဲ့ကြီးပြင်းလာခဲ့ရသူတွေအဖို့ အရာရာကို လက်တင် အဆင်သင့်ရဖို့ပဲ အားသန်ကြပါတယ်။ ဒီတော့ စာအုပ်ဆိုင်တွေမှာ English Meaning ဆိုတဲ့စာအုပ်တွေ၊ ဝေါဟာရပဒေသာ ဆိုတဲ့စာအုပ်တွေ နာမည်အမျိုးမျိုးနဲ့ပုံနေတာပါပဲ။ စာအုပ်တွေဝယ်တာလဲဝယ်တာပါပဲ။ ၀ယ်ပြီး ကိုယ့်ခေါင်းထဲ၊ ရင်ဘတ်ထဲရောက်မလာဘဲ စာမျက်နှာတွေထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ် အိပ်မော ကျနေတာကများတယ်။ ဒါကလည်းသဘာဝကျပါတယ်။ လူဆိုတာ ကိုယ်နဲ့ဆိုင်တာကိုပိုစိတ်ဝင်စားတယ်။ ကိုယ်နဲ့နီးစပ်တာကို ပိုမှတ်မိတယ်။ ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီဆိုရင်တော့ မမေ့တတ်တော့ပါဘူး။
Tell Me I forget, Show Me I remember, Involve Me I understand!
ဆိုတဲ့စကားလေးရှိတယ်မဟုတ်လား။ ကိုယ်ပိုင်မှတ်စုထဲကို ကိုယ့်လက်ရေးနဲ့ချရေးလိုက်တဲ့အခါ လက်က ရေးတာက (Kinesthetic or tactile learning လို့ခေါ်တဲ့လေ့လာခြင်းတစ်မျိုး)၊ ရေနေတုန်းမျက်လုံးကမြင်တာကျတော့ (Visual learning လို့ခေါ်တဲ့လေ့လာခြင်းတစ်မျိုး)၊ အသံထွက်ရွတ်ဆိုကြည့်တဲ့အခါကျတော့ (Auditory learning လို့ခေါ်တဲ့လေ့လာခြင်း) အပြင် ကိုယ့်အတွေ့အကြုံနဲ့ဆက်စပ်တဲ့အခါ (Associative learning) စတဲ့ လေ့လာနည်းလေးမျိုးနဲ့တပြိုင်တည်းလေ့လာပြီးဖြစ်သွားပါရောလား။ ပထမသုံးမျိုးကို Flemming ရဲ့ VAK/VARK Model လို့ပညာရေးလောကမှာသိထားကြပါတယ်။
ကျွန်တော်လုပ်လေ့ရှိတဲ့နည်းကလေးကိုတင်ပြချင်ပါတယ်။ လူတိုင်းနဲ့တော့ ကိုက်ညီချင်မှကိုက်ညီပါ လိမ့်မယ်။ အသုံးတည့်သူများယူကြပါကုန်။ ဗလာစာအုပ်လေးတစ်အုပ်ထားပါတယ်။ အရင်တုန်းကတော့ မှတ်စုစာအုပ်ထူထူတွေ သုံးတယ်။ ဒါပေမယ့် သယ်ရပြုရလေးတဲ့အတွက်ကြောင့် နောက်ပိုင်း ဗလာစာအုပ်လေးတွေပဲသုံးတော့တယ်။ အဲဒီဗလာစာအုပ်ထဲမှာ စာဖတ်ရင်း၊ အင်တာနက်ကြည့်ရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းနားထောင်ရင်း ကိုယ်စိတ်ဝင်စားတဲ့စာလုံးလေးတွေကို ကျမှတ်ထားတယ်။ အပေါ်က ရက်စွဲနေရာမှာ တနင်္လာ၊ အင်္ဂါ စသည်ဖြင့်ရေးထားတယ်။ ဒီစာအုပ်လေးကို သွားလေရာယူသွားတယ်။ အခုတောင် ရပ်ဝေးရောက်နေချိန်မှာ ပါလာလို့ Scan ဖတ်ပြီးနမူနာတင်ပေးလိုက်ပါတယ်။ ကားစောင့်ရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်းအချိန်ဖြုန်းရတိုင်း ဖတ်ပါတယ်။ ဘယ်လိုဖတ်သလဲဆိုတော့ ဒီနေ့ တနင်္လာနေ့ ဆိုရင် တနင်္လာပါတဲ့ စာရွက်တစ်ရွက်ကိုကောက်လှန်လိုက်ပြီးဖတ်တယ်။ ရက်စွဲအလိုက်ပဲ တစ်နေ့စာ ဖတ်ပါတယ်။ (ဒီလိုရေးထားလို့ ကျွန်တော့်ကို ၀ိရိယကောင်းသူလို့မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို ပျင်းမှန်း သိလို့ ဒီနည်းကိုသုံးတာပါ။) အဆင်ပြေပါတယ်။ အလွတ်ကျက်စရာမလိုဘူး။ နှစ်ခေါက်သုံးခေါက်ဖတ်ရင် ရသွားပြီ။
Using Every Resource နေရာပေါင်းစုံမှစုစောင်းပါ
ဘယ်ပညာရပ်မဆို သိချင်စိတ်ကရှေ့ဆောင်ပါတယ်။ Curiosity လို့ခေါ်တဲ့သိချင်စိတ်၊ စူးစမ်းချင်စိတ်ကြာင့်ပဲ ကမ္ဘာကြီးဟာဒီနေ့ဒီလောက် တိုးတက်နေတာပါပဲ။ ဝေါဟာရလေ့လာတဲ့အခါ စကားလုံးတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပဲရှိနေကြပါတယ်။ စာအုပ်ထဲမှာမှ မဟုတ်ပါဘူး။ မနက်မိုးလင်းလို့ ကောက်ဖီ ဖျော်ဖို့ ပုလင်းကို ကိုင်လိုက်တဲ့အခါမှာ Nescafé Gold Blend, premium quality ဆိုတဲ့စာတမ်းကိုနေ့တိုင်း တွေ့ရပါမယ်။ ဒါကဥပမာအနေနဲ့ပြောတာပါ။ blend တို့ premium တို့ဆိုတဲ့စကားလုံးလေးတွေမသိရင် သိအောင်လုပ်လိုက်ပေါ့။ တခါတလေ နှာစေးအအေးမိလို့ Decolgen သောက်တဲ့အခါ ဒီလိုမျိုးလေး No drowse ဆိုတဲ့စကားလေးရှိတယ်တွေ့ရဦးမယ်။ မြို့ထဲသွားလို့လာလို့ ဘတ်စကားပေါ်ကနေ ငေးကြည့်ရင်း လည်း စကားလုံးအသစ်ကလေးတွေရတတ်တာပါပဲ။ TV ကနေ သတင်းတွေနားထောင်ရတာဝါသနာပါတဲ့သူဆိုရင် အတိုင်းထက်အလွန်ပါပဲ။ TV ဆိုတာက သတင်းဖြစ်စဉ်တစ်ခုကို အမြဲတမ်း update တင်ပြနေတာဆိုတော့ ကိုယ်မသိတဲ့စကားလုံးတစ်ခုကို ထပ်ကာထပ်ကာ ကြားနေရတတ်တယ်။ အရုပ်ရော၊ အသံရော မြင်ရပြီးတော့ သတင်းရဲ့မူရင်းနောက်ခံအကြောင်းတရားကိုသိထားရင် အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကို ခန့်မှန်း တွက်ဆနိုင်ပါတယ်။ ဥပမာပြရရင် အယ်ဂျာဇီးရားရုပ်သံအင်္ဂလိပ်ပိုင်းဟာကျွန်တော် စွဲစွဲမြဲမြဲကြည့်တဲ့ သတင်းလိုင်းတစ်ခု ပေါ့။ အရေးအခင်းတစ်ခုအကြောင်း သတင်းတစ်ပုဒ်မှာ The police are telling the crowd to disperse. ဆိုတဲ့စာကြောင်းမှာ disperse ရဲ့အဓိပ္ပါယ်ကိုမသိဘူး။ ဒါပေမယ့် လူအုပ်ကြီးရယ်၊ ရဲတွေရယ်၊ အော်လံကြီးနဲ့ပြောနေတာရယ် စတဲ့ contex အရ disperse ဆိုတာ လူစုခွဲဖို့ပြောတာမှန်းခန့်မှန်းနိုင်ခဲ့တယ်။ ဒီစကားလုံးကို အလွတ်ကျက်စရာမလို ဘဲနဲ့တစ်ခါတည်းမှတ်မိခဲ့တယ်။

Knowing the affixes (ရှေ့ဆက်၊ နောက်ဆက်စကားလုံးများသိခြင်း)
ရှေ့ဆက် (prefix)စကားလုံးနဲ့ နောက်ဆက် (suffix) စကားလုံးတွေ သိထားတဲ့အခါ စကားလုံးအသစ်ကို ခန့်မှန်းရတာ ပိုပြီးလွယ်ကူပါတယ်။ ဥပမာအားဖြင့် pre ဆိုတဲ့ရှေ့ဆက်စကားဟာ before အဓိပ္ပါယ်ထွက်တယ်ဆိုတော့ preview, preschool, precede တို့ကိုလည်းသိလာတာပေါ့။ Cide ဟာ killer လို့သိရင် homocide, insecticide, fungicide တို့ကိုခန့်မှန်းနိုင်မှာပါ။ အင်္ဂလိပ်စာမှာ သိပ္ပံ၊ဆေးပညာဝေါဟာရ မဟုတ်တဲ့အရှည်ဆုံးစကားလုံးဖြစ်တဲ့ antidisestablishmentarianism မှာ establish တည်ထောင်သည်/မှု အဓိကသိထားရင် ကျန်တဲ့ anti(ဆန့်ကျင်သည်)၊ dis (ဆန့်ကျင်သည်၊ အနုတ်သဘောဆောင်သည့် အဓိပ္ပါယ်)၊ ment (နာမ်ပြုစကား)၊ arian (ပြုသူ၊ ဖြစ်သူ ဆိုတဲ့အဓိပ္ပါယ်) ism (၀ါဒ) စတဲ့ prefix, suffix တွေနဲ့ခန့်မှန်းကြည့်ရင် ဆိုလိုရင်းကို နည်းနည်းတော့သဘောပေါက်လာမှာပါ။ စကားလုံးအသစ်တွေ့တိုင်း အဘိဓါန်ကောက်လှန်နေရရင် စာတစ်မျက်နှာမှာ မသိတဲ့စကားလုံးတွေ အများကြီးပါနေရင်စိတ်ပျက်သွားနိုင်ပါတယ်။ အဲဒီစာအုပ်ဟာ ကိုယ့် level နဲ့မကိုက်ညီသေးဘူးဆိုတာ သိရပါမယ်။ စာအုပ်ဆိုင်တွေမှာဝယ်လို့ရတဲ့ graded readers များဟာဝေါဟာရတည်ဆောက်ဖို့ အလွန်သင့်တော်တဲ့ စာအုပ်များပဲဖြစ်ပါတယ်။
Use all of your sensesအာရုံငါးပါးစလုံးအသုံးပြုပါ။
လူတွေဟာ(မြင်၊ ကြား၊ တွေ့၊ အနံ့၊ အရသာ) အာရုံငါးပါးစလုံးနဲ့လေ့လာလို့ရပါတယ်။ ဒါပေမယ့် ကျောင်းသားတိုင်းကတော့အာရုံငါးပါးကို လေ့လာသင်ယူရာမှာမသုံးမချတတ်ကြပါဘူး။ စာဖတ်တယ် (မြင်)၊ နားထောင်တယ် (ကြား)၊ နှစ်ခုကိုသာတွင်တွင်ကျယ်ကျယ်သုံးနေကြတာပါ။ Dr. Vivian Franz, Ph.D. ကတော့ See it. Say it. Hear it. Write it လို့တိုက်တွန်းထားပါတယ်။

Using Other Languages to Build Vocabulary သိထားတဲ့တခြားဘာသာစကားကိုသုံးပါ
မိမိဟာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ နီးစပ်တဲ့ ဘာသာစကားတစ်ခုကိုတတ်မြောက်ထား တယ်ဆိုရင် ဝေါဟာရအတော်များများကိုလွယ်လွယ်ရနိုင်ပါတယ်။ ဥပမာ Romance ဘာသာတစ်ခုခု Spanish, French ဖြစ်ဖြစ် Germanic ဘာသာစကားတစ်ခုခု German, Dutch ဖြစ်ဖြစ် သိထားသူဆိုရင် အင်္ဂလိပ်စကားလုံးတော် တော်များများဟာ အဲဒီဘာသာတွေကလာတာဖြစ်လို့ဝေါဟာရ တိုးပွားဖို့အထောက်အကူပြုနိုင်ပါတယ်။ ၄င်းစကားလုံးမျိုးကို cognate လို့ခေါ်ပါတယ်။ ကျွန်တော်တို့ ဗမာလူမျိုးတွေဆိုရင်လဲ ထိုင်းစကား သင်တဲ့ အခါမှာ ပါဠိ၊ သက္ကတ ကလာတဲ့စကားလုံးတော်တော်များများ တူကြလို့ လေ့လာရတာပျော်စရာကောင်း ပါတယ်။
အရေးအကြီးဆုံးအချက်တစ်ခုကတော့ There is no hard-and-fast rule in English language learning. ဆိုတဲ့စကားလို ပုံသေကားချပ်မတွက်ဖို့တော့ လိုပါလိမ့်မယ်။ လူတိုင်းလူတိုင်းမှာ မတူတဲ့သင်ယူပုံတွေ (different learning style) ရှိတတ်ကြလို့ မိမိနဲ့ဆီလျော်အသုံးတည့်မည့် နည်းလမ်းမျိုးစုံကို ရှာယူအသုံးချနိုင် ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

0 comments:
Post a Comment