အရောင်တွေဟာ သဘာဝကို အလှခြယ်ရာမှာ အသုံးဝင်သလို ဘာသာစကားမှာလည်း အရောင်နဲ့တွဲပြီး ဝေဝေဆာဆာဖြစ်အောင် အသုံးပြုထားတာတွေ ရှိတာမို့ ဒီတပတ် အမေရိကန်စတိုင်လ် (American style) အစီအစဉ်မှာ အရောင် (color) ဖြစ်တဲ့ အနီ၊ အမဲ၊ အဖြူ၊ ရွှေ စတဲ့ အသုံးအနှုန်းတွေကို အခြေခံတဲ့ in the red, white lie, black sheep နဲ့ golden handshake စတဲ့ အီဒီယံတွေကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ in the red ဖြစ်ပါတယ်။ In = အထဲမှာ, Red = အနီရောင် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အနီရောင်ထဲမှာ ဖြစ်ပါတယ်။ စာရင်းစစ်မှာဆိုရင် အနီရောင်မင်နဲ့ ရေးတယ်ဆိုရင် လိုငွေပြတာ၊ အနုတ်လက္ခဏာ ပြဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က လိုငွေပြနေတာ၊ ကိုယ်မှာ ငွေမရှိတော့တာ၊ ပိုက်ဆံကုန်သွားတာ၊ အနုတ်လက္ခဏာကို ပြတဲ့သဘောဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ ဘိုင်ကျတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
If you keep spending money on expensive things, you will soon be in the red.
ခင်များ ဈေးကြီးတဲ့ပစ္စည်းတွေပဲ ဝယ်ယူနေမယ်ဆိုရင်တော့ ခင်များလက်ထဲမှာ မကြာခင် ငွေကျန်တော့မှာ မဟုတ်ဘူး။
ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ white lie ဖြစ်ပါတယ်။ White = အဖြူရောင်, Lie = မုသားပြောဆိုခြင်း၊ လိမ်ပြောခြင်း တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အဖြူရောင်မုသား၊ မုသားအဖြူရောင် ဖြစ်ပါတယ်။ မုသားဆိုတာ လိမ်ပြောတာ ဖြစ်တာမို့ မကောင်းတာဖြစ်ပေမယ့် တခါတရံလည်း ကျမတို့ မြန်မာဆိုရိုစကားအတိုင်း မုသားမပါ လင်္ကာမချော ဆိုတဲ့စကားလို မုသားဟာ ဘယ်သူကိုမှ ထိခိုက်တာ မဟုတ်ဘဲ ကာယကံရှင် စိတ်ချမ်းသာရလေအောင် အားနာလို့ အမှန်မပြောဘဲ ကောင်းအောင် ကြည့်ပြောလိုက်ရတဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးကို အီဒီယံအသုံးအရ white lie လို့ ပြောဆိုနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
She doesn’t look nice in red, but just to make her happy I told her a white lie.
သူက အနီရောင်ဝတ်စုံနဲ့ ကြည့်မကောင်းဘူး။ ဒါပေမဲ့ သူစိတ်ချမ်းသာအောင် ကျနော်က ကောင်းအောင်ကြည့်ပြောလိုက်ရတယ်။
အခုဆက်လက် တင်ပြပေးမယ့် အသုံးအနှုန်းမှာ အမဲကိုအခြေခံတဲ့ black sheep ဖြစ်ပါတယ်။ Black = အမဲရောင်, Sheep = သိုး တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က အမဲရောင်သိုး ဖြစ်ပါတယ်။ သာမန်အားဖြင့် အဖြူရောင်ရှိတဲ့သိုးဟာ အမဲရောင်ဖြစ်နေတယ်ဆိုရင် သောတရှင်များ စဉ်းစားကြည့်နိုင်တာကတော့ အဖြူရောင် သိုးအုပ်ကြားမှာ အမဲရောင်သိုးက - မြန်မာစကားမှာ အမဲစက် ထင်နေသလို၊ မျက်စိ ပသာဒ ကို ပျက်စေသလို နေ့စဉ်ဘဝမှာလည်း တခုခု ချို့ ယွင်းနေတာကို ဆိုလိုတာဖြစ်ပါတယ်။ အထူးသဖြင့် မောင်နှမသားချင်းတွေထဲမှာ ဖောက်ဖျက်ပြီး မိသားစုရဲ့  အမည်ကို ပျက်စေခြင်း၊ ဆိုးပေတေတဲ့ မိသားစုဝင်တဦးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Jerry is the black sheep in our family. He did not finish high school and is an alcoholic.
Jerry ဟာ ကျနော်တို့ မိသားစုမှာတော့ ဆိုးပေတေတဲ့ မိသားစုဝင်တယောက်ပါ။ အထက်တန်းကျောင်းလည်း မပြီးတဲ့အပြင် အရက်သမားလည်း ဖြစ်နေတယ်။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ golden handshake ဖြစ်ပါတယ်။ Golden = ရွှေရောင်ရှိသော၊ ရွှေနဲ့ပြုလုပ်ထားသော, Handshake = လက်ဆွဲနှုတ်ဆက်သည် တို့ဖြစ်ပြီး စကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရွှေရောင်လက်စွဲနှုတ်ဆက်သည် ဖြစ်ပါတယ်။ ရွှေဆိုတဲ့ သတ္တုဟာ အများသိတဲ့အတိုင်း အဖိုးတန်တာကြောင့် ရွှေနဲ့တွဲသုံးတဲ့ ဝေါဟာရတွေဆိုလည်း တန်းဖိုးရှိတာကို တင်စားသုံးလေ့ရှိပါတယ်။ ဒီနေရာမှာ handshake က လက်ဆွဲနှုတ်ဆက်တာဆိုတော့ လက်ဆွဲနှုတ်ဆက်တဲ့ အနောက်တိုင်း အလေ့အကျင့်ကတော့ လူချင်းတွေ့ရင်ဖြစ်စေ၊ ဒါမှမဟုတ် ခွဲခွါရင်ဖြစ်စေ နှုတ်ဆက်တာကို အများအသိဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာတော့ ခွဲခွါတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခြေအနေအရ အလုပ်ဖြုတ်ခံရတယ်။ အလုပ်ကနေစောပြီး အနားယူရတဲ့ အခြေအနေမျိုးမှာ အဲဒီလူကို ကျေနပ်အောင် လျှော်ကြေး ဒါမှမဟုတ် နစ်နာကြေးအဖြစ် မြတ်မြတ်လေး ပေးလိုက်ရတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ golden handshake ဆိုတဲ့ အီဒီယံအသုံးက အလုပ်ဖြုတ်ခံရလို့ဖြစ်စေ၊ စောစောစီးစီး အနားယူလိုက်ရလို့ အခြေအနေအရ နစ်နာကြေး တော်တော်လေးရလိုက်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The company gave the manager Mr. Smith one hundred thousand dollar golden handshake as an early retirement.  His company is streamlining.
အဲဒီ ကုမ္မဏီက မန်နေဂျာ Mr. Smith ကို စောစောအလုပ်ကနေ အနားယူခိုင်းလိုက်တော့ နစ်နာကြေး ဒေါ်လာ တစ်သိန်း ပေးလိုက်တယ်။ သူ့ကုမ္မဏီက လူတွေလျှော့ချနေတယ်။